စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ အသက် ၇၀ ကျော်အဘွား ၁ ဦးပါ ၄ ဦး ဒဏ်ရာရ

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ အသက် ၇၀ ကျော်အဘွား ၁ ဦးပါ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ စစ်ကောင်စီရဲ့ ရိက္ခာကုန်းတပ်က ဖေဖော်ဝါရီလ ၂၁ ရက်မနက် ၁၀ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၇၈ နှစ်အရွယ် အဘွားတဦးအပါ ၄ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရှိခဲ့သူမှာ ကျော်ရွာမှ အသက် ၇၈ အဖွားအို ၁ ဦး၊ ၂၄ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ၃၀ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ မိုးယူရွာမမှ အသက် ၄၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြတယ်လို့ Indaw Revolution-IR မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"နာမည်တွေတော့ လုံခြုံရေးအရ ပြောမရဘူး။ ကျော်ရွာက သုံးယောက်ကတော့ အနည်းငယ် ဒဏ်ရာရသွားတာဖြစ်လို့ မစိုးရိမ်ရဘူး။ မိုးယူရွာက အမျိုးသမီးကတော့ ခြေတောက်၊ ကျော၊ ခေါင်းနဲ့ လည်ပင်းတို့မှာ ဒဏ်ရာပြင်းရသွားတယ်။ သူမက အခုအင်းတော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်" လို့ ဆိုပါတယ်။

တိုက်ပွဲမဖြစ်ဘဲ စစ်အုပ်စုဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့ ကျေးရွာ ၂ ရွာမှာ ရွာနီးစပ်ချင်း ဖြစ်သလို အင်းတော်မြို့နဲ့ ၂မိုင်ခန့်သာ ကွာဝေးတယ်လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

"လက်နက်ကြီးက တရွာမှာ တလုံးစီ ကျတာ။ လက်နက်ကြီးကျလို့ လူတွေအပြင် မိုးယူရွာမမှာတော့ နေအိမ် ၁ လုံး၊ ကျော်ရွာမှာတော့ နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်" လို့ ဆိုပါတယ်။

အင်းတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်မှာလည်း မဲဇာကျေးရွာကနေ အလယ်ဆိပ်ကျေးရွာကို ပြန်လာတဲ့ ဦးစိုးနိုင် ၄၅ နှစ်မှာ မဲဇာရဲစခန်းရှေ့ ဖြတ်သန်းသွားချိန် ရဲစခန်းထဲတပ်စွဲထားတဲ့ စစ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10