စစ်အုပ်စုချောဆွဲသွားတဲ့ ခရီးသည်တင်မော်တော် ၂ စီးပေါ်မှာ အမျိုးသမီးအများစုအပါအရပ်သားပြည်သူ ၁၀၀ နီးပါး ပါသွား

စစ်အုပ်စုချောဆွဲသွားတဲ့ ခရီးသည်တင်မော်တော် ၂ စီးပေါ်မှာ အမျိုးသမီးအများစုအပါအရပ်သားပြည်သူ ၁၀၀ နီးပါး ပါသွား

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေကျေးရွာမှာ တပ်စွဲထားတဲ့စစ်တပ်ကို ရိက္ခာပို့သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မန္တလေးဆိပ်ကမ်းက ခရီးသည်တင်မော်တော် ၂ စီးကို ချောဆွဲသွားပြီး လက်ရှိမှာ ခရီးသည်တွေပါ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မန္တလေးမြို့၊ မရမ်းခြံဆိပ်ကမ်းကနေ ဧရာဝတီမြစ်ထဲကကျေးရွာတွေကို ခရီးသည်တင် ပြေးဆွဲနေတဲ့ ဇင်ယော်အောင်မော်တော်နဲ့ သဒ္ဒိအောင်မော်တော်တို့ကို ဒီနေ့ အောက်တိုဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းက ချောဆွဲပြီးခေါ်သွားတာလို့ သိရပါတယ်။

"ရိက္ခာလာပို့တာလို့ပြောတယ်။ အခုစစ်တပ်က သုံးဆယ်ပေးရွာကိုရောက်နေပြီလို့ သတင်းရတယ်။ ခရီးသည်တင်မော်တော်နှစ်စီးလည်းပါတယ်။" လို့ မတ္တရာမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်က ဒီနေ့နေ့လယ် ၃ နာရီလောက်က မြေလတ်အသံကိုဖြေကြားခဲ့ပါတယ်။

အခုစစ်တပ်ကခေါ်သွားတဲ့ မော်တော်တွေမှာ အမျိုးသမီးအများစုပါရှိပြီး ခရီးသည် ၁၀၀ ခန့်ပါရှိတယ်လို့ သိရပါတယ်။

ဒီခရီးသည်တင်မော်တော်တွေကို ရိက္ခာပို့လာတဲ့စစ်တပ်ရဲ့ သံခွန်သင်္ဘောတွေရဲ့ ရှေ့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း မောင်းခိုင်းပြီး ခေါ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

"ရေလမ်းတိုက်ခိုက်ခံရမှာ စိုးရိမ်ပြီးမော်တော်တွေချောဆွဲသွားတာ။ အဲ့ဒီသတင်းကြားပြီး အခု ခရီးသည်တင်မော်တော်တွေ နားထားကြတယ်။ မထွက်ရဲကြတော့ဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်ကလည်း မန္တလေးဆိပ်ကမ်းက မော်တော် ၁ စီးကို ၂ ရက်ကြာတဲ့အထိ ဖမ်းဆီးပြီး မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးခဲ့ပါသေးတယ်။

ပုံစာ - မန္တလေး၊ မရမ်းခြံဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ခရီးသည်တင်မော်တော်များ။ (ပုံဟောင်း)

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ရေကြောင်း #ခရီးသည်တင်မော်တော် #ချောဆွဲခံရ #မန္တလေး #မတ္တရာ #စစ်ကောင်စီ #အမျိုးသမီး #အရပ်သားပြည်သူ #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10