သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စလင်းမြို့နယ်၊ သစ်ခေါက်တောင်ရွာကနေ စစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုဟာ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းထိလို့ သေဆုံးထိခိုက်သူတွေရှိပြီး သစ်ခေါက်တောင်က စစ်အုပ်စုအထိုင်စခန်းပါ ဒရုန်းနဲ့ ဗုံးကြဲချခံရတာကြောင့် သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျား တပ်ဖွဲ့ဆီက သိရပါတယ်။
ဒီဇင်ဘာ ၃ ရက် နေ့လယ် ၁၀ နာရီလောက်မှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ကျော်ပါစစ်သားနဲ့ ပျူစောထီးတွေဟာ ပုသိမ်-မုံရွာလမ်းပိုင်းက သစ်ခေါက်တောင်ရွာနဲ့ ပိတ်ဆည်ရွာအကြား လျှော်ဖြူခင်းထဲမှာ မိုင်းထိပြီး ၄ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ က စစ်သားတွေနဲ့ ဆင်လူးရွာကပျူစောထီးတွေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁၁ နာရီမှာလည်း သစ်ခေါက်တောင်ရွာက စစ်အုပ်စု အထိုင်စခန်းကို ဒရုန်းနဲ့ဗုံးကြဲချခဲ့ရာ ၁၀ ဦးဝန်းကျင် သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျား ခေါင်းဆောင် သတ္တိက ပြောပါတယ်။
အဲဒီ သစ်ခေါက်တောင်အထိုင်းစခန်းမှာ စလင်းနယ် ကံပြားရဲစခန်းက ရဲအင်အား ၂၅ ဦးနဲ့ အထိုင်ချထားတာလို့ ဆိုပါတယ်။
ပစ်ခတ်မှုအပြီး စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးကြဲချတဲ့အပြင် ၈၀ မမ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပြန်လည်ပစ်ခတ်တာကြောင့် စလင်းမြို့နယ်၊ ကံကုန်းရွာမှာ နေအိမ် ၁ လုံးနဲ့ သရက်ကုန်းရွာက နေအိမ် ၁ လုံးမီးလောင်ပြီး ဝန်ရရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းပျက်စီးကာ အဲဒီရွာတွေက ပြည်သူထောင်နဲ့ချီပြီး တိမ်းရှောင်နေရတယ်လို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျား ခေါင်းဆောင်က ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင် မြို့ပြပြောက်ကျား၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း ဒရုန်းတပ်ဖွဲ့ ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ဒရုန်းတပ်ဖွဲ့၊ မကွေးတိုင်း ဒရုန်းတပ်ဖွဲ့၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#စလင်း #စစ်အုပ်စု #စစ်ကြောင်း #တိုက်ခိုက်
Share Share Share