သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၂ ခုကို ဇွန်လ ၅ ရက် ည ၈နာရီဝန်းကျင်မှာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးမှုရှိခဲ့တယ်လို့ ကျောက်ဆည်နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
စစ်ကိုင်းမြို့အထွက်က ကံတလူတိုးလ်ဂိတ်နဲ့ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းဂိတ်ကို တပြိုင်တည်း ဒရုန်းဗုံးချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း တိုးလ်ဂိတ်မှာတပ်စွဲထားတဲ့ စစ်ကိုင်း တပ်မ ၃၃ က အရာခံဗိုလ် ၁ ဦး နဲ့ တပ်သား ၁ ဦးသေဆုံးသွားတယ်လို့ အဖွဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။
“အဲ့ဒီနေရာ ၂ ခုကို တပွိုင့်ကို ဗုံးသီး ၄ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်။ တိုးလ်ဂိတ်ကိုဗုံးချတာမှာ တပ်မ ၃၃ စစ်သားတွေရှိတဲ့ ဂိတ်ဘန်ကာပေါ်ကိုကျလို့ ၂ ယောက်သေတယ်” လို့ ကျောက်ဆည်နဂါးနီ ပြည်သူ့ ကာကွယ်ရေးတပ် ဒုတပ်ရင်းမှူး ဆရာလေးက ပြောပါတယ်။
ကံတလူတိုးလ်ဂိတ်မှာ စစ်ကောင်စီတပ်အင်အား ၁၇ ဦးခန့် တပ်စွဲထားတာဖြစ်ပြီး တိုးလ်ဂိတ် ကင်းဘန်ကာမှာ ၂ ဦးတည်းရှိနေချိန် ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲသင်တန်းကျောင်းဂိတ်ကို ဗုံးကြဲတိုက်ခိုက်မှုရဲ့ ထိခိုက်မှုကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်တပ်ရင်း - ၁(နဂါးနီတပ်ရင်း)၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံ ခရိုင် တပ်ရင်း-၇ (Zero ပြောက်ကျားတပ်ဖွဲ့)၊ ရွှေဘိုခရိုင်တပ်ရင်း၁၅ နှင့် ဆားတောင်းမိုးကြိုးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဇွန်လ ၄ ရက်နေ့ကလည်း မြင်းမူမြို့နယ်၊ ထီးဆောင်းရွာမှာ တပ်စွဲထားတဲ့ တပ်မ ၃၃ က စစ်သားတွေကို ကျောက်ဆည်နဂါးနီပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့အကြိမ် ၂၀ ကျော် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံခဲ့ရတဲ့ ကံတလူတိုးလ်ဂိတ်။(ပုံဟောင်း)
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#စစ်ကိုင်း #တိုးလ်ဂိတ် #ရဲသင်တန်းကျောင်း #ဒရုန်းဗုံးချ #တိုက်ခိုက်မှု #PDF #စစ်ကောင်စီတပ်
Share Share Share