စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးကျည်ကြောင့် နေအိမ် ၅၀ ကျော်မီးလောင်

စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးကျည်ကြောင့် နေအိမ် ၅၀ ကျော်မီးလောင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ ဧပြီလ ၂၄ ရက်မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေက ချပ်သင်းကျေးရွာကို ကျရောက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ချပ်ကြီးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့ ကျေးရွာအနီးမှာ မနေ့ည ၇ နာရီလောက်က ပစ်ခတ်မှုဖြစ်ချိန် စစ်ကောင်စီဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ရွာနဲ့ ၂ နိုင်သာသာဝေးတဲ့ ချပ်သင်းရွာကို ကျရောက်ပေါက်ကွဲခဲ့ရာမှာ အိမ်ခြေ ၅၀ မီးလောင်ပျက်စီးခဲ့တာပါ။


"မနေ့မနက်က ချပ်ကြီးက ပျူနဲ့စကစတွေက တပ်ကုန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်လို့ လက်နက်ကြီးတွေက ပင့်သာကြီးရွာထဲကို ကျပြီး လူထိခိုက်သေဆုံးတာရှိတယ်။ ညဘက်လည်းကျကော သူတို့ဘက်က လက်နက်ကြီးတွေနဲ့ထပ်ပြီး ရမ်းသမ်းပစ်နေလို့ ဒီဘက်က အဖွဲ့တွေကလည်း သွားပစ်တာ။ အဲဒီချိန်မှာ စကစ ဘက်ကပစ်တဲ့ လက်နက်ကြီးအချို့က ချပ်သင်းရွာထဲကျပြီး နေအိမ်အချို့ မီးလောင်ရာကနေ မီးတွေကူးပြီး တော်တော်များများလောင်သွားတာ"လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ရဲဘော်တဦးက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီခန့်ကြာပြီးနောက် ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က ထိခိုက်ကျဆုံးတာမရှိဘဲ စစ်ကောင်စီနဲ့ပျူဘက်က ထိခိုက်သေဆုံးရှိနိုင်ကာ စာရင်းအတိအကျကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် "ချပ်ကြီးမှာရှိနေတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့တွေက မျက်နှာမူပြီးတိုက်တာ၊ စကစ ဘက်ကတော့ ချပ်ကြီးဘက်ကနေ ချပ်သင်းဘက်ကိုပစ်တာဆိုတော့ ဘယ်သူပစ်လို့ ရွာမီးလောင်တယ်ဆိုတာ သိသာပါတယ်"လို့ အထက်ပါရဲဘော်က ဆက်ပြောပါတယ်

ချပ်သင်းကျေးရွာဟာ ပြီးခဲ့တဲ့ မတ်လ ဒုတိယအပတ်ကတည်းက စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံအများစုက နေအိမ်တွေမှာမနေရဲဘဲ ထွက်ပြေးနေရပြီး အနည်းစုသာ ရွာမှာကျန်နေခဲ့တာကြောင့် ခုဖြစ်စဥ်မှာ ဒေသခံအတွေအနေနဲ့ ထိခိုက်သေဆုံးမှုတွေ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

မတ်လ ၃ ရက်မနက်အစောပိုင်းက ချပ်ကြီးရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်ကို KB2 တပ်ရင်း၊ ချပ်သင်းတိုက်နယ် ပကဖအဖွဲ့တွေအပြင် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်လို့ စစ်သားနဲ့ပျူ ၄၀ ကျော်သေဆုံးခဲ့ပြီး လက်နက် ၁၅ လက်အပါမဝင် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း တိုက်ခိုက်ရေးမှာပါဝင်တဲ့ ရဲဘော်တွေဆီက သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10