သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကလေးငယ် ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းမှာ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းကနေ ကျောက်ကြီးမြို့နယ်၊ ရွာကန့်လန့် ရွာဘက်ကို ၁၅၅ မမ ၃ လုံးပစ်ခတ်ခဲ့ရာ အဲ့ဒီကျေးရွာက စောပွားစေး ၃၅ နှစ်၊ ဇနီးဖြစ်သူ နော်လာဒူး ၃၀ နှစ်နဲ့ သမီးဖြစ်သူ နော်ကဲဘလူးမူး ၂ နှစ်တို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးခဲ့သေးတယ်လို့ ဆိုပါတယ်။
"အဲဒီ ၁၀ ရက်နေ့က စကစ ဘက်က ကျေးရွာတော်တော်များများဘက်ကို လက်နက်ကြီးတွေပစ်တာ များတယ်။ ခါတိုင်းလည်း ပစ်နေတယ်ဆိုပေမယ့် အဲ့နေ့က ပိုများတယ်။ အရပ်သား ထိခိုက်မှုလည်း များတယ်"လို့ ကျောက်ကြီး ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
အလားတူ အဲ့ဒီနေ့ နေ့လယ်မှာတင် ရွှေဝါအခြေစိုက် ခမရ ၃၀ရ တပ်ရင်းကနေ မုန်းမြို့နယ်၊ သနပ်ကွင်းကျေးရွာဘက်ကို လက်နက်ကြီး ၂ လုံး၊ ညနေ ၅ နာရီကျော်မှာ ခမရ ၄၃၉ တပ်ရင်းက ကျော်လှရွာဘက်ကို လက်နက်ကြီး ၃ လုံး၊ ည ၉ နာရီကျော်မှာ နန္ဒမိတ်ကျေးရွာဘက်ကို လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး အစထိမှန်လို့ သနပ်ကွင်းကျေးရွာကျောင်းတိုက် ဆရာတော် ဦးကောဝိတ ၇၄ ဒဏ်ရာရ၊ ကျော်လှကျေးရွာနေ မယူရတီနိုင် ၁၄ နှစ် သေဆုံး၊ နန္ဒမိတ်ကျေးရွာနေ ဦးတင်ထွန်း ၆၀ နှစ်၊ ဒေါ်မြင့်ဌေး ၅၈ နှစ်၊ မမာလာ ၃၅ နှစ်၊ မောင်ပြည်စုံ ၂ နှစ်တို့မှာ ဦးခေါင်း၊ ခြေလက်နဲ့ ကျောကုန်းတွေမှာ ထိခိုက်ဒဏ်ရာရသွားပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကိုတော့ KNU နယ်မြေက ဆေးပေးခန်းတွေမှာ ဆေးကုသမှုခံယူနေတယ်လို့ ကျောက်ကြီး ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
အောက်တိုဘာလ ၄ ရက်ကလည်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ မုန်းမြို့နယ်၊ ဗမာငတိုးခင်ကျေးရွာမှာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကျောက်ကြီး #မုန်း #စစ်ကောင်စီ #လက်နက်ကြီးပစ် #ထိခိုက် #သေဆုံး #သတင်း