စစ်အုပ်စုဖမ်းသွားတဲ့ ပြည်သူထဲက သေဆုံးအလောင်း ၁ လောင်းထပ်တွေ့ပြီး ၁၀ ဦးပျောက်ဆုံးနေ

စစ်အုပ်စုဖမ်းသွားတဲ့ ပြည်သူထဲက သေဆုံးအလောင်း ၁ လောင်းထပ်တွေ့ပြီး ၁၀ ဦးပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ ၁၅ ဦးထဲက ၄ ဦးကို ဇန်နဝါရီ ၁၉ ရက်မနေ့က သေဆုံးလျက်ပြန်တွေ့ခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်ဒီကနေ့မှာ နောက်ထပ် ၁ လောင်း ထပ်တွေ့ခဲ့တယ်လို့ စစ်ရှောင်ကူညီရေးလုပ်ဆောင်နေတဲ့ ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့ဆီက သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာ အသက် ၃၀ ခန့်အရွယ် မဲအိုးရွာသား ကိုဇင်မင်းညွန့်ရဲ့ အလောင်းကို ရေဦးနဲ့ ဒီပဲယင်းနယ်စပ်က ပိဋကတ်ကျကျေးရွာမှာ လည်လှီးသတ်ခံထားရတဲ့ဒဏ်ရာနဲ့ သေဆုံးလျက် ပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့(စစ်ကောင်စီ) တညအိပ် တပ်စွဲခဲ့တဲ့ ရွာကခွာသွားတော့ နယ်မြေရှင်းလင်းရေးအဖွဲ့တွေက သူတို့ဘာလုပ်ခဲ့လဲကြည့်ဖို့ ပြန်ကပ်ကြတဲ့အချိန်မှာ အလောင်းတွေ့တာ။ လည်ပင်းမှာ ခုတ်ဖြတ်ခံရတဲ့ ဒဏ်ရာနဲ့ တွေ့ရတယ်။”လို့ စစ်ရှောင်ကူညီရေးလုပ်ဆောင်နေတဲ့ ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့တာဝန်ခံက ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက်မနက်ပိုင်းမှာ လက်ယက်ကုန်းကျေးရွာကို ဒေသခံကာကွယ်ရေးတပ်တွေ နယ်မြေရှင်းလင်းရေးဝင်ကြချိန် ခေါင်းနဲ့လက်တွေကို ဖြတ်တောက်ပြီးအသတ်ခံထားရဲ့ အမျိုးသား ၃ ဦးနဲ့ နှိပ်စက်ပြီး မီးရှို့အသတ်ခံထားရတဲ့ အမျိုးသမီး ၁ ဦးတို့ရဲ့အလောင်းတွေကို တွေ့ရှိခဲ့တာပါ။

ဒါ့အပြင် မဲအိုးကျေးရွာကနေ ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ ၁၅ ဦးထဲက ကျန် ၁၀ ဦးကလည်း လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ ၁၅ ဦးအနက် မခင်နှင်းဌေး၊ ကိုဇော်ဝင်း၊ ကိုထွန်း၊ ကိုအောင်မြင့်ကျော်နဲ့ ကိုဇင်မင်းညွန့် တို့ကို သေဆုံးလျက် တွေ့ရှိထားပြီး ဒေါ်တင်၊ မဝေခင်၊ မလေးတင်၊ မခင်ဆန်းလွင်၊ ဇွဲထက်နိုင်၊ စိုးထွန်း၊ အောင်မျိုး၊ လင်းထင်၊  စိုးမင်းပိုင်၊ ရဲလင်းနိုင် တို့ ၁၀ ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အဆိုပါစစ်ကြောင်းဟာ ဇန်နဝါရီ ၁၇ ရက်စတင်ကာ ရေဦးမြို့ဘက်က ထွက်လာတာဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်မှာ မဲအိုးရွာကိုဝင်ကာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာမှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #မဲအိုးကျေးရွာ #စစ်ကောင်စီ #သတ်ဖြတ် #ဒေသခံ #အလောင်းတွေ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10