စစ်အုပ်စုဘက်က ၇ ဦးသေဆုံးခဲ့တဲ့ ကမ္မမြို့တွင်းတိုက်ပွဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက ကမ္မမြို့တွင်းမှာ စက်တင်ဘာလ ၁၉ ရက် ညနေ ၃ နာရီခွဲမှာ ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီး စစ်ကောင်စီဌာနဆိုင်ရာရုံးတွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ အနောက်လွင်ပြင် LDF အဖွဲ့ဆီက သိရပါတယ်။

ကမ္မမြို့ပေါ်က ထွေအုပ်ရုံး၊ လျှပ်စစ်ရုံး၊ ဝါဒိုင်ရုံးနဲ့ ကြံ့ခိုင်ရေးရုံးတွေကို မီးရှို့ခဲ့ကြသလို မြို့မရဲစခန်းကိုပါ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ အနောက်လွင်ပြင် LDF တာဝန်ခံ ကိုတေဇက ပြောပါတယ်။ 

အပြန်အလှန်တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်တွေ မျက်မြင်အရ စစ်ကာင်စီဘက်က ၄ ဦးသေဆုံးကာ စက်တင်ဘာ ၂၀ရက် ဒီနေ့မှာသေဆုံးသူ ၃ ဦးထပ်တိုးလာလို့ စုစုပေါင်း သေဆုံးသူ ၇ ဦး ရှိတယ်လို့ ဆိုပါတယ်။ 

"တိုက်ပွဲအချိန်က ၁ နာရီကျော်မယ်။ မြို့မရဲစခန်း‌ထဲက ဘန်ကာတွေကို အဓိကထားပြီး တိုက်ခိုက်ခဲ့တာ၊ အဲ့ဒီရဲစခန်းမှာ ပုံမှန်အင်အား ၃၀ လောက်ရှိတယ်၊ စစ်* ရဲ*ပေါင်းထိုင်တာ၊ အထိအခိုက် အသေဆုံးကတော့ ၄ ယောက်သိထားတယ်၊မျက်မြင်ကိုယ်တွေ့ပါ၊ ဒီမနက်သိရတာက နောက်ထပ် ၃ ကောင်သေတယ်၊ စုစုပေါင်း ၇ ကောင်သေတယ်၊ တခြားထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနိုင်သေးတယ်" လို့ ကိုတေဇက ပြောပါတယ်။

ကာကွယ်ရေးအဖွဲ့တွေက ကမ္မ မြို့မရဲစခန်းကိုသိမ်းဖို့ အဓိကထား ဝင်စီးတိုက်ခိုက်ပေမယ့် ကျည်နည်းပါးမှု၊ လေကြောင်းပစ်ကူတာကြောင့် ရဲစခန်းကို မသိမ်းနိုင်ခဲ့ဘဲ တပ်ပြန်ဆုတ်လာရတယ်လို့ တိုက်ပွဲမှာပါဝင်တဲ့  Burma Revolution Ranger တာဝန်ခံ ကာတွန်းက ပြောပါတယ်။

"စခန်းကို သိမ်းနိုင်တယ်အထိ မတိုက်ခိုက်နိုင်ခဲ့ဘူး၊ ကျနော်တို့မှာ ကျည်အရမ်းနည်းပါးပြီး ပြီးတော့ပခုက္ကူတပ်မ ၁၀၁ ကနေမှ စစ်ကူကား ၃ စီးဆင်းလာတာရယ် မုံရွာ နမခ ကနေ Mi 35 နဲ့ ပစ်တာကြောင့် ပြန်ပြီးဆုတ်ခွာခဲ့ရတယ်" လို့ ဆိုပါတယ်။ 

ရဲဘော်တွေဘက်က အထိအခိုက်မရှိပေမဲ့ ရဲစခန်းထဲကနေ 40 မမ နဲ့လှမ်းပစ်လို့ ပြည်သူတဦး ကျည်စ ရှပ်ထိမှန်ခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်မှာတော့ ကမ္မမြို့ပေါ်မှာ‌တော့ ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်နေပြီလို့လည်း သိရပါတယ်။  

ဒီတိုက်ခိုက်မှုကို အနောက်လွင်ပြင် LDFနဲ့ Burma Revolution Ranger၊ BLY တော်လှန်ရေးအင်အားစု( ပေါက်)၊ အနောက်လွင်ပြင် (ပေါက်)၊ တော်ဝင်ကျား(ပေါက်)၊ YGF(ပေါက်)၊ ပခုက္ကူ ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၃၊ Young Force၊ Thu Rain၊ Pku Ranger၊ Pku Underground၊ ဧရာ အနောက် ပြောက်ကြားတပ်ဖွဲ့ (PKU)၊ ရွှေညာမြေ၊ MRG (မြိုင်)၊ Royal Seven (မြိုင်)၊ MRDF (မြိုင်) နဲ့ ဘီလုံး ပြောက်ကြားတပ်ဖွဲ့ (မြိုင်) တို့က ပူးပေါင်းလုပ်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

#ကမ္မ #မြို့တွင်းတိုက်ပွဲ #စစ်ကောင်စီရုံးများ #ရဲစခန်း #တိုက်ခိုက်ခံရ #စစ်သား #ရဲ #မုံရွာနမခ #Mi35လေကြောင်း #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10