စစ်အုပ်စုရဲ့တိုက်ခိုက်မှုကြောင့် ကျေးရွာပကဖရဲဘော် ၅ ဦးကျဆုံး

စစ်အုပ်စုရဲ့တိုက်ခိုက်မှုကြောင့် ကျေးရွာပကဖရဲဘော် ၅ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖလံဂုဏ်ရွာကို မတ်လ ၄ ရက်မနေ့မနက် ၄ နာရီလောက်မှာ စစ်တပ်က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာကာကွယ်ရေးရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ People’s Defence Comrade က သတင်းထုတ်ပြန်ထားပါတယ်။

ရေဦးမြို့ကနေ ၂ မိုင်လောက်သာဝေးတဲ့ ရေဦး-တမာတော-ကံထူးမ ကားလမ်းဘေးက အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ဖလံဂုဏ်ရွာကို ခမရ ၃၆၄ နဲ့ ခလရ ၇၀၁ တပ်က အင်အား ၇၀ ကျော်လောက်နဲ့ စီးနင်းရာမှာ ကျဆုံးခဲ့တာလို့ People's Defence Comrade ရဲဘော် အမေ့သားကပြောပါတယ်။

"ဖလံဂုဏ်ရွာက မထင်မှတ်ပဲ အငိုက်ခံလိုက်ရတယ်၊ အိပ်မောကျနေတဲ့အချိန် တိတ်တဆိတ်ဝင်လာတာဗျ။ ရပ်ရွာကင်းစောင့်နေတဲ့ ပကဖအဖွဲ့ဝင် ရဲဘော် ၅ ဦးရော ပြည်သူတွေရော ပိတ်မိတယ်။ ရဲဘော် ၅ ဦးကို ဖမ်းဆီးပြီး ဦးခေါင်းတေ့ပစ်သတ်ခဲ့တယ်။ စစ်တပ်ထွက်သွားလို့ မနေ့ကပဲသဂြိုလ်ပြီးပါပြီ"လို့ ပြောပါတယ်။

ကျဆုံးရဲဘော်တွေမှာ အသက် ၂၃ နှစ်အရွယ်တဦးနဲ့ ၁၉ နှစ်အရွယ် ၄ ဦးဖြစ်ပြီး သူတို့ဆီက လက်လုပ်သေနတ်၊ ၃ လက်၊ မိုင်းနဲ့လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံလိုက်တယ်လို့ သူကဆက်ပြောပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ အမည်နဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ကျန်ရစ်သူမိသားစုတွေရဲ့ လုံခြုံရေးအခြေအနေေကြောင့် ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ အလောင်းငါးလောင်းနဲ့ M-22 သေနတ်တလက်၊ လက်လုပ်သေနတ် နှစ်လက်၊ မိုင်းနဲ့ခဲယမ်းတချို့ သိမ်းဆည်းရရှိတယ်လို့ ဝါဒဖြန့်ထားပါတယ်။

လက်ရှိမှာ ရေဦးနယ်မြောက်ဘက်ခြမ်းက ဖလံဂုဏ်၊ ပန်းကုံး၊ ဗိုလ်ရုံ၊ အုန်းနှဲပေါင်း၊ ဆပ်သေ၊ အင်တော၊ တူမောင်းကျေးရွာတွေက ပြည်သူပေါင်း ၃၀၀၀ ကျော်စစ်ရှောင်နေကြရပြီး ရိက္ခာအခက်အခဲဖြစ်နေတယ်လို့ ဒေသခံဆီက သိရပါတယ်။

စစ်ရှောင်တွေကို လှူဒါန်းလိုသူတွေအနေနဲ့ ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ - ထောက်ပံ့ရေးစာမျက်နာကနေ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်း ရဲဘော်အမေ့သားကဆိုပါတယ်။

အခုစစ်ကြောင်းဟာ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ တလလုံး ခင်ဦးနယ်အတွင်း မီးလှည့်ရိူ့တဲ့တပ်ဖြစ်ပြီး မနေ့မနက်ပိုင်းက ဖလံဂုဏ်ရွာကထွက်ကာ အခုညနေမှာတော့ ဖလံဂုဏ်ရွာအနီးက ပန်းကုံးရွာမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10