စစ်အုပ်စုသတ်ခဲ့တဲ့ ရဲဘော် ၃ ဦးနဲ့ ပြည်သူ ၂ ဦး အတွက် ဈာပနကျင်းပ

စစ်အုပ်စုသတ်ခဲ့တဲ့ ရဲဘော် ၃ ဦးနဲ့ ပြည်သူ ၂ ဦး အတွက် ဈာပနကျင်းပ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အင်းမရွာနားမှာ မေလ ၅ ရက်က စစ်ကောင်စီရဲ့ ဖမ်းဆီး သတ်ဖြတ်တာကို ခံခဲ့ရတဲ့ ရဲဘော် ၃ ဦးနဲ့ ပြည်သူ ၂ ဦးရဲ့ဈာပနကို မေလ ၈ ရက်ဒီကနေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့နေ့လယ် ၁၂ နာရီလောက်မှာ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းနဲ့အညီ သရဏဂုံတင်ကာ သင်္ဂြိုလ်ခဲ့ပြီး ရဲဘော် ၃ ဦးကိုတော့ အမိန့် ပြန်တမ်းဖတ်ကာ စစ်ရေးအခမ်းအနားနဲ့ သင်္ဂြုလ်ခဲ့တယ်လို့ ဆိုပါတယ်။


“နယ်မြေမငြိမ်တဲ့အတွက် ဒီကနေ့မှ နာရေးအခမ်းအနား လုပ်ဖြစ်ခဲ့တာ၊ ‌မိသားစုကတော့ နောက်ဆုံးအကြိမ် မျက်နှာမကြည့်လိုက်ရတော့ အဲ့တာကို မချိတင်ကဲဖြစ်တာပေါ့” လို့ ချောင်းဦးပကဖ အဖွဲ့ဝင်တဦးက ပြောပါတယ်။

နာရေးကို နယ်မြေခံရဲဘော်တွေ၊ မိသားစုဝင်တွေ၊ ခင်မင်ရင်းနှီးသူတွေတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရဲဘော်နဲ့ပြည်သူ ၅ ဦးဟာ မေလ ၅ ရက် ည ၈ နာရီက စခန်းအနီးကို စစ်ကြောင်းရောက်နေတဲ့အတွက် မိုင်းဆင်ပြီး စခန်းစွန့်ခွာဖို့လုပ်ချိန် စစ်ကောင်စီရှေ့ပွိုင့်နဲ့တိုးကာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

CHU PDF နောက်တန်းစခန်းတခုက အသက် ၄၀ အရွယ် စခန်းတာဝန်ခံတဦး၊ အသက်၂၀ ဝန်းကျင် ရဲဘော် ၂ ဦး၊ စခန်းအနီးနားမှာရှိတဲ့ အသက် ၂၀ ဝန်းကျင် ရွာသား ၂ ဦး စုစုပေါင်း ၅ ဦး ခေါင်းဖြတ် အသတ်ခံခဲ့ရတာပါ။

သူတို့အလောင်းကို မေလ ၆ ရက်မနက်ပိုင်းမှာ ကောက်ယူ မီးသင်္ဂြုလ်ခဲ့ပြီး၊ နယ်မြေမရှင်းလင်းသေးတဲ့အတွက် ချက်ချင်းစျာပနမကျင်းပပဲ ဒီနေ့မှ အရိုးပြာတွေနဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့ကြတာပါ။

လက်ရှိမှာတော့ ရဲဘော်တွေကိုသတ်ခဲ့တဲ့စစ်ကြောင်းဟာ မြင်းမူမြို့နယ်ထဲကို ဝင်ရောက်သွားပြီလို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10