စစ်အုပ်စု တပ်စွဲထားတဲ့နေရာအနီးမှာ လမ်းသွားလမ်းလာအမျိုးသမီး ၂ ဦး လုယက်ခံရ

စစ်အုပ်စု တပ်စွဲထားတဲ့နေရာအနီးမှာ လမ်းသွားလမ်းလာအမျိုးသမီး ၂ ဦး လုယက်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထီးဆောင်း-အရာတော်လမ်းပိုင်း၊ ထီးဆောင်းရွာမြောက်ဘက်၊ နောင်ကြီးအိုင်လမ်းပေါ်မှာ ဧပြီလ ၉ ရက် ဒီကနေ့မနက် ၉ နာရီခွဲခန့်က လမ်းသွားလမ်းလာအမျိုးသမီး ၂ ဦး ပစ္စည်းလုယက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ ထီးဆောင်းရွာအနီးမှာ လုယက်ခံခဲ့ရတာဖြစ်ပြီး လုယက်မှု ကျူးလွန်သူတွေဟာလည်း အဲ့ဒီတပ်မ ၃၃ စစ်ကောင်စီတပ်သားတွေလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
 
“ထီးဆောင်းမှာ တပ်စွဲထားတဲ့ကောင်တွေလုပ်တာပါ၊ လုခံရတဲ့နေရာနဲ့သူတို့နဲ့ ၄ ဖာလုံ လောက်ဘဲဝေးတယ်။ ဧရိယာကလည်း သူတို့ကျင်လည်နေတဲ့ ဧရိယာပါ။ သူတို့တပ်တွေအင်အားလာဖြည့်လို့ လူတွေများတယ်ဆိုပေမယ့် အနေကြာတဲ့စစ်သားတွေကို ရွာခံတွေကသူတို့ကိုမျက်မှန်းတန်းမိနေပြီးသားပါ” လို့ ပြောပါတယ်။
 
အဲ့ဒီ အမျိုးသမီး ၂ ဦးကို အရပ်ဝတ် ဝတ်ဆင်ထားတဲ့အမျိုးသားတွေက ဓားထောက်လုယက်ခဲ့တာဖြစ်ပြီး လုယက်ခံရတဲ့နေရာအနီးမှာလည်း စစ်ကောင်စီတပ်ထုတ် MA - 3 သေနတ်တွေကို ကိုင်ဆောင်ထားသူတွေက အခြေအနေစောင့်ကြည့်ပေးနေတယ်လို့ ဆိုပါတယ်။
 
“လုတဲ့ကောင်တွေက ဓားထောက်လုတာ၊ ဘေးနားမှာ စစ်တပ်သုံး MA 3 သေနတ်တွေကိုင်ထားတဲ့ ကောင်တွေကလည်းစောင့်ပေးနေတာ၊ အကုန်လုံးအရပ်ဝတ်တွေနဲ့။ ပြီးရင် PDF လုပ်ပါတယ်ဆိုပြီး ဝါဒဖြန့်ဖို့ထင်တယ်” လို့ သူက ဆက်ပြောပါတယ်။
 
လုယက်မှုကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်သားတွေလို့ ဒေသခံတွေကပြောဆိုပေမယ့် မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
 
လုယက်ခံရတာကြောင့် လမ်းသွားလမ်းလာ အမျိုးသမီး ၂ ဦးဆီကနေ ဟန်းချိန်း နဲ့ လက်စွပ်တွေအပါ စုစုပေါင်း ရွှေ ၁ ကျပ်သားခန့်နဲ့ ငွေသား ၁ သိန်းကျပ် ပါသွားတယ်လို့ သိရပါတယ်။
 
အဲ့ဒီထီးဆောင်း-အရာတော်လမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားလမ်းလာတွေကို စစ်ဆေးရေးအကြောင်းပြ ငွေတောင်းခံတာတွေ လုပ်ဆောင်ပေမယ့် အခုလိုလုယက်တာကတော့ ပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီ စစ်ကိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးမှူးဟာ ဦးကျော်စွာမောင်စိုးဆိုသူ ဖြစ်ပြီး စစ်တက္ကသိုလ် DSA အပတ်စဉ် ၄၆ ဆင်းသူဖြစ်ကာ ဗိုလ်မှူးအဆင့်ကနေ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10