စစ်အုပ်စု ဖမ်းဆီးစစ်ဆေးနေတုန်း အပြန်အလှန်တိုက်ခိုက်ကြလို့ PDF ၁ ဦးနဲ့ စစ်သား ၁ ဦးသေဆုံး
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆူးလေကုန်းရွာမှာ ရောက်ရှိနေတဲ့ ခလရ ၂၅၁ က စစ်သားတွေကို မေလ ၂ ရက် မနေ့မနက် ၇ နာရီဝန်းကျင်က တိုက်ခိုက်ဖို့သွားရင်း PDF ရဲဘော် ၁ ဦး သေဆုံးခဲ့ကာ စစ်သား ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
PDF အဖွဲ့ဝင် ၂ ဦးမှ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ဖို့ သွားရောက်စဉ် ရွာအဝင်ဝမှာ စစ်ဆေးမှု လုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့တွေ့ကာ စစ်ဆေးခံရပြီး ပြန်လည် လုံးထွေးတိုက်ခိုက်ခဲ့ရာက နှစ်ဘက်သေဆုံးမှု ဖြစ်ပွားခဲ့တာလို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက မြေလတ်အသံကို ပြောပါတယ်။
“**တွေမရှိသေးဘူးဆိုပြီး ဆူးလေကုန်းရွာကို သွားကြတာ။ **တွေက ရွာအပေါက်ဝမှာ ထမင်းချက်ပြုတ်စားနေကြပြီး သူတို့ထဲက ၂ ကောင်က ရွာထဲဝင်ထွက်သွားလာတဲ့သူ အကုန်လုံးကို စစ်ဆေးနေတာ။ ရဲဘော်တွေ အစစ်ခံရပြီး ဒူးထောက်ခိုင်းတဲ့ အချိန်မှာ ** ၂ ကောင်ကို ဝင်လုံးတာ” လို့ ပြောပါတယ်။
ခုခံတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေဆီက သေနတ်လုယူကာ အနီးကပ်ပစ်သတ်နိုင်ခဲ့လို့ ခလရ ၂၅၁ က စစ်သား ၁ ဦး သေဆုံးခဲ့ပြီး အနီးရှိ စစ်ကောင်စီတပ်သားတွေရဲ့ပစ်ခတ်မှုကြောင့် PDF ၁ ဦး သေဆုံးကာ ကျန် ၁ ဦးမှာ ဒရုန်းတွေနဲ့အတူ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးရဲဘော်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖအဖွဲ့မှ အသက် ၂၄ နှစ်အရွယ် ရဲဘော် ပျံလွှား ဖြစ်ပြီး သူ့ရဲ့အလောင်းကိုတော့ ပြန်လည်ရရှိခဲ့ကာ ယမန်နေ့ နေ့လယ်ပိုင်း ၁ နာရီမှာပဲ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် (မြိုင် ပကဖ) နှင့် ပေါက်မြို့နယ်ပကဖအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဧပြီလ ၃၀ ရက်ကလည်း ပေါက်မြို့နယ်၊ ဖလန်ကိုင်းရေနံမြေစခန်းကို ပြန်ဝင်လာတဲ့ ခလရ ၂၅၁၊ ၂၅၃ နဲ့ ၂၅၂ တို့ ပူးပေါင်းထားတဲ့ အင်အား ၁၇၀ ဝန်းကျင်ပါတဲ့ စစ်ကြာင်းကို မြိုင်ပကဖအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
Share
Share
Share