စစ်အုပ်စု လိုက်ပါလာတဲ့ ကောက်ပဲသီးနှံတင်ယာဥ်တန်း မိုင်းဆွဲခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ပေါက်နဲ့ ပခုက္ကူနယ်စပ်၊ ပခုက္ကူ-မင်းတပ် ကားလမ်းတနေရာမှာ ကောက်ပဲသီးနှံတွေတင်လာတဲ့ ယာဥ်တန်း ၃၀ ကျော်ကို ဇွန်လ ၅ ရက်ဒီကနေ့ နေ့လယ် ၁၁ နာရီမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

အဲဒီ့ ကောက်ပဲသီးနှံတွေ တင်ဆောင်လာတဲ့ ကား ၃၀ ကျော်ယာဉ်တန်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ လိုက်ပါလာပြီး နေ့လယ် ၁၁ နာရီလောက်က ပခုက္ကူ-မင်းတပ် ကားလမ်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကိုတေဇက ပြောပါတယ်။ 

"မိုင်းဆွဲလိုက်တဲ့ ကားတွေပေါ်မှာတော့ ကောက်ပဲသီးနှံတွေ တင်လာတာ။ ကားက ဟီးနိုးကာတွေ။ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်ကြောင်းထိုးပြီးတော့ သူတို့ပျူရွာကနေ‌ ကောက်ပဲသီးနှံတွေ တင်လာတာ။ ပခုက္ကူမြို့ပေါ်ကို အဲဒီကောက်ပဲသီးနှံတွေရောင်းပြီး စားနပ်ရိက္ခာ ပြန်ဝယ်ဖို့ပါ။ အဲ့ဒီကားတွေပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေပါတယ်။" လို့ ပြောပါတယ်။

ကားပေါ်မှာပါလာတဲ့ စစ်အုပ်စုက ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေလို့ သိရပြီး မိုင်းပွိုင့် ၂ ပွိုင့်နဲ့ ပဒေသာမိုင်း ၁၀ လုံး၊ ပေပါမိုင်း ၃ လုံး၊ ၁ ပွိုင့် မိုင်းအလတ် ၈ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုတော့ စုံစမ်းမသိရသေးဘဲ စုံစမ်းနေဆဲလို့ ဆိုပါတယ်။

ကားအစီး ၃၀ ထွက်လာတာမှာ ၄ စီးတန်းကို မိုင်းဆွဲနိုင်ခဲ့ပြီး အဲဒီထဲက မိုင်းထိမှန်တဲ့ ကားဟာ စက်ရပ်သွားကာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်ရာမှာ စစ်ကောင်စီက အင်အားများတဲ့အတွက် ရဲဘော်တွေ ပြန်ဆုတ်ခွာလာရတယ်လို့ ဆိုပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပေါက် #စစ်အုပ်စု #ယာဉ်တန်းမိုင်းဆွဲခံရ #စစ်ကောင်စီ #ပျူစောထီး #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10