စစ်အုပ်စု အစည်းအဝေးလုပ်နေချိန် ဒရုန်းနဲ့ဗုံးကြဲခံရလို့ သေဆုံးမှုများနိုင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ပျူရွာလို့လူသိများတဲ့ ငွေတွင်းကျေးရွာမှာ စစ်သားနဲ့ ပျူစောထီး‌တွေ အစည်းအဝေးလုပ်နေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များခဲ့တယ်လို့ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ (နဂါးနီတပ်ရင်း) အဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၂၀ ရက် မနေ့ညနေ ၆ နာရီခွဲလောက်မှာ စစ်သားနဲ့ပျူစောထီး ၂၅ ဦးလောက် အစည်းအ‌ဝေး လုပ်နေတဲ့ အဆောက်အဦတဝိုက်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်း ၄ စီးသုံးပြီး ပြင်းအားမြင့်ဗုံးသီး ၁၄ လုံး ကြဲချတိုက်ခိုက်ခဲ့ကြတာပါ။ 

“ပထမတခေါက်မှာ ၈ လုံးကြဲတာမှာ  ၁၅ ကောင်သေတယ်၊ အဆောက်အဦလည်း လုံးဝ ပျက်စီးသွားတယ်၊ အဲ့ဒီနေရာကနေ ကတုတ်ကျင်းထဲ ဝင်ပြေးတယ်၊ ဒုတိယတခေါက်မှာ ၆ လုံးကြဲတာမှာ ကတုတ်ကျင်းထဲကို တည့်တည့်ထပ်ချတယ်၊ ကတုတ်ကျင်းရှေ့မှာရှိတဲ့ ၂ ကောင်သေတယ်၊ စုစုပေါင်း ၁၇ ကောင်သေတယ်” လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) မှ ဒုတပ်ရင်းမှူး ဆရာလေး က ပြောပါတယ်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁၇ ဦးသေပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ဒီတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့က ဦးဆောင်ပြီး ကျောက်ဆည်ခရိုင်တပ်ရင်း ၁ (နဂါးနီတပ်ရင်း)၊ မြင်းခြံခရိုင်တပ်ရင်း ၇ (ZERO ပြောက်ကျားတပ်ဖွဲ့တပ်ရင်း)၊ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ဆားတောင်မိုးကြိုး (Local PDF)၊ MRTF Drone Force၊ NDRF၊ အောင်သပြေညီနောင် (မြင်းမူ Local) မဟာမိတ်တို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တာပါ။

ငွေတွင်းကျေးရွာမှာ တပ်မ ၃၃ က စစ်သားတွေတပ်စွဲနေပြီး၊ စစ်သားနဲ့ ပျူစောထီး စုစုပေါင်းအင်အား ၁၀၀ ဝန်းကျင်လောက် ရှိနေတယ်လို့လည်း သိရပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ

#အရာတော် #ဒရုန်းနဲ့ဗုံးကြဲ #စစ်ကောင်စီ #ပျူစောထီး #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10