စဉ့်ကိုင်ရဲစခန်းတိုက်ခိုက်ခံရပြီး ရဲ ၂ ဦး သေလို့ ပြည်သူတွေကို စစ်တပ်က ဖမ်းဆီးရိုက်နှက်

စဉ့်ကိုင်ရဲစခန်းတိုက်ခိုက်ခံရပြီး ရဲ ၂ ဦး သေလို့ ပြည်သူတွေကို စစ်တပ်က ဖမ်းဆီးရိုက်နှက်

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့မရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်သား ၂ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စဉ့်ကိုင်တော်လှန်ရေးတပ်ဖွဲ့ (Sintking Revolution Force-SRF)ထံက သိရပါတယ်။

ဇန်နဝါရီ ၈ ရက် ညနေ ၆ နာရီမှာ SRF အဖွဲ့က စဉ့်ကိုင်မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မျက်မြင်တွေ့ရှိသူတွေရဲ့ပြောကြားချက်အရ ရဲ ၂ ဦးသေဆုံးပြီး ၂ ဦးဟာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရကြောင်း SRF အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒီလိုပစ်ခတ်ခံရပြီးနောက်မှာ ရဲစခန်းဘက်က ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အနီးပတ်ဝန်းကျင်က နေအိမ်တချို့ ပျက်စီးမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

"SRFက ရဲဘော်တချို့ အောင်မြင်စွာတိုက်ခိုက်ပြီး ဆုတ်ခွာခဲ့တဲ့နောက်မှာ စခ၊ ရခတွေက ရမ်းပစ်တာတွေ၊ လမ်းပေါ်သွားတဲ့လူတွေကို ဖမ်းဆီးရိုက်နှက်တာတွေ လုပ်ပါတယ်။ တချို့ကို ဒူးထောက်ခိုင်းပြီး ပါးရိုက်တာမျိုးတွေထိ လုပ်ခဲ့တယ်လို့ ပြန်ကြားရပါတယ်" လို့ SRF တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ရဲစခန်းဘက်က ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး စဉ့်ကိုင်ဆေးရုံမှာတက်ရောက်ဆေးကုသနေရတယ်လို့လည်း ဆိုပါတယ်။

စဉ့်ကိုင်ရဲစခန်းဟာ မကြာခဏ ပြည်သူများအပေါ် ငွေညှစ်၊ ရမ်းကားနေတာကြောင့် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ SRF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပုံစာ - ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့် စဉ့်ကိုင် ရဲစခန်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဥ့်ကိုင်မြို့ #ရဲစခန်း #ဒေသကာကွယ်ရေးတပ် #ရဲတပ်သား #စဥ့်ကိုင်တော်လှန်ရေးတပ်ဖွဲ့ #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10