စဉ့်ကူမြို့နယ်က PDF ၃ ဦး စစ်တပ်ထံ အလင်းဝင်တဲ့သတင်း မမှန်ကန်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေပြော

စဉ့်ကူမြို့နယ်က PDF ၃ ဦး စစ်တပ်ထံ အလင်းဝင်တဲ့သတင်း မမှန်ကန်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေပြော

မန္တလေးတိုင်း၊ စဉ့်ကူမြို့နယ်ရှိ ပြစ်မှုကျူးလွန်ထားတာမရှိတဲ့ PDF အဖွဲ့၀င် ၃ ဦး စစ်ကောင်စီထံကို အလင်း၀င်ရောက်ပူးပေါင်းတယ်ဆိုတဲ့ သတင်းမှာ မမှန်ကန်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ငြင်းဆိုပါတယ်။ 

စစ်ကောင်စီက ထုတ်ပြန်တဲ့သတင်းမှာတော့ အလင်းဝင်လာသူတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်နယ်မှ တာ၀န်ရှိသူတွေက စက်တင်ဘာ ၇ ရက် မနက်ပိုင်းမှာ အုပ်ထိန်းသူတွေကို ခေါ်ဆောင်ပြီး ပြန်လည်အပ်နှံမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အဲဒီလိုသတင်းတွေထုတ်ပြန်ထားပေမယ့် စဉ့်ကူမြို့နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီက အဲ့ဒီလိုသတင်းထုတ်ပြန်ထားတာကြောင့် ဒေသတွင်း လိုက်လံစုံစမ်းကြည့်တဲ့အခါမှာ မည်သည့်တပ်ဖွဲ့ဝင်မှ စစ်ကောင်စီနဲ့ပူးပေါင်းတာ မရှိဘူးလို့ ဆိုပါတယ်။ 

"အခုလို၀င်ရောက်ပူးပေါင်းတာမျိုး မရှိဘူး။ အစကတည်းက ရည်ရွယ်ချက်ပြတ်ပြတ်သားသားနဲ့ ဘယ်သူ့ရဲ့ဖိအားပေး တိုက်တွန်းချက်မပါဘဲ တွန်းလှန်ဖို့လုပ်ခဲ့ကြတာ။ သူတို့(စကစ)လို သန္ဓေမမှန်တာမျိုး တယောက်မှ မပါပါဘူး" လို့ စဉ့်ကူးနယ်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်က တော်လှန်ရေးကို နည်းအမျိုးမျိုးအသုံးပြု ပုံဖျက်တိုက်ခိုက်နေတာဖြစ်လို့ တော်လှန် မိဘပြည်သူတွေအနေနဲ့ အယုံမလွယ်ကြဖို့ သူက ဆိုပါတယ်။

ဒေသတော်လှန်ရေးတပ်ဖွဲ့၀င်အဖြစ်မှ နုတ်ထွက်ပြီး စစ်ကောင်စီနဲ့ပူးပေါင်းလာကြတယ်လို့ စစ်ကောင်စီက ဝါဒဖြန့်ခံရသူတွေဟာ စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးပြီး ပြန်လွှတ်ပေးတဲ့သူတွေသာ ဖြစ်တယ်လို့ စဉ့်ကူနယ်ရှိ ဒေသခံတဦးက ပြောပါတယ်။ 

"အချိန်မတော်ထွက်လို့တို့၊ သူတို့လှည့်ကင်းနဲ့တိုးပြီး ဖမ်းခံရတဲ့သူတွေ၊ သတင်းကြားရုံနဲ့ ၀င်ဖမ်းထားတဲ့ အပြစ်မရှိတဲ့သူတွေကို အလင်း၀င်ပါတယ်လုပ်ပြီး မိဘတွေခေါ် ဓာတ်ပုံရိုက်တာတွေလုပ်တာ" လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်က တိုင်းမှူးတွေအပါအ၀င် အရာရှိတချို့မှာ PDF တွေ သူတို့ထံပူးပေါင်းသည်ဟုဆိုကာ ဆုကြေးငွေ လိမ်လည်ထုတ်ယူမှုတွေ လုပ်ဆောင်ခဲ့ကြတာကြောင့် စစ်ကောင်စီရုံးချုပ်က သတိပေးစာထုတ်ပြန်ခဲ့ရတဲ့အခြေအနေတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - စက်တင်ဘာ ၇ ရက်တွင် စဉ့်ကူမြို့နယ်ရှိ PDF အဖွဲ့၀င်တွေ ပူးပေါင်းလာသည်ဟုဆိုကာ စစ်ကောင်စီက ထုတ်ပြန်စဥ်။   

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေး #စဉ့်ကူ #စစ်ကောင်စီ #PDF #အလင်း၀င် #သတင်း 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10