စဉ့်ကူးက ကြာဥယျာဥ်ရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်လို့ ကလေး ၁ ဦးအပါ ၂ ဦးဒဏ်ရာရ

စဉ့်ကူးက ကြာဥယျာဥ်ရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်လို့ ကလေး ၁ ဦးအပါ ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကြာဥယျာဥ်ကျေးရွာကို စစ်အုပ်စုက သြဂုတ်လ ၂၈ ရက် နေ့လယ် ၁ နာရီကျော်မှာ ဒရုန်း ၃ စီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ၁၂ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စဉ့်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ ကြာဥယျာဥ်ကျေးရွာက လူနေအိမ်တွေကို ဒရုန်း ၃ စီးသုံးကာ ၆၀ မမ ဗုံးသီး ၅ လုံးကို ၃ ကြိမ်ခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"ပထမ ၁ စီးက ၁ လုံးချတယ်။ ဒုတိယ ၂ စီးက ၁ လုံးချတယ်။ အဲ့ဒီဗုံးသီး ၂ လုံးက မကွဲဘူး။ တတိယ ၁ စီးက ၃ လုံးတွဲချတဲ့အခါ အိမ် ၂ အိမ် ခြံဝန်းထဲကို ကျရောက်ပေါက်ကွဲလို့  ၂ ယောက် ဒဏ်ရာရတာ"လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးအောင်ထိုက် က ပြောပါတယ်။ 

ဒဏ်ရာရရှိခဲ့သူ ၂ ဦးမှာ အသက် ၁၂ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၅၀ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ဖြစ်ကြပြီး အဲဒီထဲက အမျိုးသမီးငယ်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရကာ အမျိုးသားမှာတော့ မစိုးရိမ်ရဒဏ်ရာရရှိခဲ့လို့ မြို့နယ်ပကဖက ဆေးကုသမှုပေးထားကြောင်း ဦးအောင်ထိုက် က ပြောပါတယ်။

ကြာဥယျာဥ်ကျေးရွာဟာ စစ်အာဏာသိမ်းစအချိန်တုန်းက ပျူစောထီးခေါင်းဆောင်တွေနေကြတဲ့ ရွာတရွာ ဖြစ်ပြီး အဲ့ဒီရွာကို ၂၀၂၂ ခုနှစ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူပြီး နယ်မြေ စိုးမိုးထားတဲ့ကျေးရွာ ဖြစ်နေတဲ့အတွက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ရွာကိုပြန်ယူပြီး စိုးမိုးချင်တာကြောင့် အခုလို လာရောက်တိုက်ခိုက်တာဖြစ်တယ်လို့ မြို့နယ်ပကဖက ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဉ့်ကူးမြို့နယ် #ကြာဥယျာဥ်ကျေးရွာ #ဒရုန်း #ပကဖ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10