စဉ့်ကူးတွင် စစ်တပ်ကလေကြောင်းနဲ့ဗုံးကြဲလို့ ပြည်သူ ၁၃ ဦးသေဆုံးပြီးနောက် ဒေသခံတွေ ဘေးကင်းရာကို ပြောင်းရွှေ့နေရ

စဉ့်ကူးတွင် စစ်တပ်ကလေကြောင်းနဲ့ဗုံးကြဲလို့ ပြည်သူ ၁၃ ဦးသေဆုံးပြီးနောက် ဒေသခံတွေ ဘေးကင်းရာကို ပြောင်းရွှေ့နေရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ရွှေလုပ်ကွက်ရှိတဲ့ကျေးရွာတွေကို စစ်တပ်က ထပ်မံလေကြောင်းတိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေကြောင့် စဉ့်ကူးဒေသခံတွေစိုးရိမ်နေပြီး ကျေးရွာတွေထဲကနေ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၄ ရက်မှာ စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တဲ့နောက်ပိုင်း နောက်ထပ်ဗုံးကြဲမှုတွေ ဆက်လက်လုပ်ဆောင်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

စဉ့်ကူးမြို့အပါအဝင် ရွှေလုပ်ကွက်နေရာတွေနဲ့ နီးစပ်တဲ့ လက်ပန်လှ၊ ကံတောင်၊ နွယ်ရုံ၊ ကျည်ထောက်ပေါက် စတဲ့ ကျေးရွာတွေက ဒေသခံတွေအားလုံးနီးပါးရှောင်တိမ်းနေရတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့သိမ်းထားတဲ့ အဲ့ဒီနေရာတွေကို လေကြောင်းတိုက်ခိုက်မယ်လို့ စစ်ကောင်စီဘက်က သတင်းလွှင့်ထားတယ်လို့ ဆိုပါတယ်။

" မနေ့က တိုက်ပွဲလည်းမရှိဘဲ လေကြောင်းလာတိုက်သွားတာ။ ရွာကတော့ တော်တော်ထိတယ်။ ဖုန်း၊ အင်တာနက်လိုင်းတွေလည်း အကုန်ပိတ်ထားတုန်းပဲ။ အခုလည်း ထပ်လုပ်ဦးမယ်ဆိုလို့ အကုန်ပြေးနေကြတာ "လို့ နွယ်ရုံဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သြဂုတ် ၄ ရက် မနေ့နေ့လယ်ပိုင်းမှာ ကံတောင်နဲ့ နွယ်ရုံကျေးရွာတွေကကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကံတောင်ရွာက ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရခဲ့သလို နွယ်ရုံရွာက ကလေးငယ် ၁ ဦးအပါ အရပ်သား ၁၀ ဦးသေဆုံး ၆ ဦးဒဏ်ရာရခဲ့တာကြောင့် မနေ့က တရက်တည်းမှာတင် စဉ့်ကူးနယ်အတွင်း ၁၃ ဦး သေဆုံးကာ လူ ၂၀ နီးပါး ဒဏ်ရာရခဲ့တာပါ။

"လေကြောင်းသတင်းကတော့ ထပ်လာမယ်လို့ ကြားနေရတုန်းပဲ။ ဒေသခံတွေလည်း ဘေးလွတ်ရာ ရှောင်နေကြတယ်" လို့ ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

စဉ့်ကူးမြို့နယ်တခုလုံးက စစ်ကောင်စီအထိုင်ချနေရာတွေကို တော်လှန်ရေးတပ်တွေသိမ်းယူခဲ့ပြီးနောက် စဉ့်ကူးမြိုနယ်အတွင်း မြေပြင်တိုက်ပွဲတွေမရှိတော့ဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်နေတာလို့ သိရပါတယ်။

ပုံစာ - ဩဂုတ် ၄ ရက် မနေ့က နွယ်ရုံကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။

သတင်း - N၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #စဉ့်ကူး #စစ်တပ် #လေကြောင်းတိုက်ခိုက် #အရပ်သား #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10