စဉ့်ကူးဒေသခံ ၃ ဦးကို စစ်ကောင်စီဖမ်းဆီး၊ ၁ ဦးပြန်လွတ်ပြီး ၂ ဦး စစ်ကြောရေးရောက်

စဉ့်ကူးဒေသခံ ၃ ဦးကို စစ်ကောင်စီဖမ်းဆီး၊ ၁ ဦးပြန်လွတ်ပြီး ၂ ဦး စစ်ကြောရေးရောက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ဒေသခံအမျိုးသား ၃ ဦးကို ဇူလိုင် ၄ ရက်ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့ပြီး အဲ့ဒီထဲက ၂ ဦးကိုတော့ လမ်းပြအဖြစ်ခေါ်သွားပြီးနောက် စစ်ကြောရေးစခန်းကို ပို့လိုက်ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဖမ်းဆီးခံရသူ ၃ ဦးမှာ ထုံးကြီးရွာက အသက် ၂၀ ကျော်အရွယ် ကိုဇော်နိုင်ဝင်း၊ အမျိုးသားတဦး နဲ့ စားကျက်ကြီးရွာက အသက် ၃၀ ကျော်အရွယ် ဘေးတွဲဆိုင်ကယ်မောင်းသူ အမျိုးသားတဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

 

"တော်လှန်ရေး အင်အားစုတွေကို သတင်းပေးလုပ်တဲ့ စွပ်စွဲမှုမျိုးနဲ့ မသင်္ကာလို့ ဖမ်းတာလို့ သိရတယ်။ ဖမ်းတုန်းက ထုံးကြီးရဲစခန်းကို ဖမ်းခေါ်သွားတာ"လို့ စဉ့်ကူးဒေသခံအမျိုးသားတဦးက ပြောပါတယ်။

 

သူတို့ ၃ ဦးကို စစ်ကောင်စီတပ်က ထုံးကြီးရဲစခန်းမှာ စစ်ဆေးမေးမြန်းတာတွေလုပ်ပြီး ဇူလိုင် ၅ ရက်နေ့လယ် ၁ နာရီကျော်မှာ ဘေးတွဲဆိုင်ကယ်မောင်းသူကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ၂ ဦးကိုတော့ လက်ပံလှကျေးရွာဘက်ကိုသွားတဲ့ စစ်ကြောင်းထဲမှာ လမ်းပြအဖြစ်ခေါ်သွားခဲ့ပြီးနောက် စဥ့်ကူးမြို့နယ်၊ ပင်လည်ကြီးရွာက စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းကို ပို့လိုက်ကြတာလို့ အထက်ပါအမျိုးသားက ပြောပါတယ်။

 

ပြန်လွတ်လာသူမှာတော့ ခန္ဓာကိုယ်တခုလုံးမှာ ရိုက်နှက်ခံ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

 

ဒါ့အပြင် ဇူလိုင် ၅ ရက် ည ၈ နာရီလောက်မှာလည်း ထုံးကြီးရဲစခန်းရှိ စစ်ကောင်စီတပ်သားတွေက ထုံးကြီးရွာထဲက ကိုဂျက်ကီဆိုသူနဲ့ သူ့ရဲ့ဟိုင်းဂျက်ကားငယ်တစီးကို ဖမ်းဆီးပြီး စခန်းထဲ တညချုပ်နှောင်ခဲ့ကာ ဇူလိုင် ၆ ရက်ဒီမနက် ၆ နာရီကျော်မှ ကားရောလူပါ ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။

 

ထုံးကြီးကျေးရွာရဲစခန်းမှာ ပျုစောထီးနဲ့ စစ်သား အင်အား ၄၀ ကျော်က ယခုနှစ်ဇွန်လကစလို့ တပ်စွဲနေကြတာဖြစ်ပြီး ရွာထဲက မသင်္ကာသူတွေကိုလည်း မကြာခဏဖမ်းဆီးတာ၊ ငွေတောင်းခံတာတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#မန္တလေး #စဥ့်ကူး #စစ်ကောင်စီ #ဖမ်းဆီး #ဒေသခံ #စစ်ကြောရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10