စဉ့်ကူးနယ်က ပျူစောထီးခေါင်းဆောင်နေအိမ် မီးရှို့ခံရ

စဉ့်ကူးနယ်က ပျူစောထီးခေါင်းဆောင်နေအိမ် မီးရှို့ခံရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်နေအိမ် ဧပြီလ ၃၀ ရက် နေ့လည်ပိုင်းအချိန်မှာ မီးရှို့ခံခဲ့ရတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

အသက် ၅၀ နှစ်အရွယ် ပျူစောထီးခေါင်းဆောင် ဦးငမော်(ခ)သဲမော်ဟာ စဉ့်ကူးနယ်ထဲက စစ်ကောင်စီတပ်အတွင်းမှာ သွားရောက်ရှောင်တိမ်းနေတာဖြစ်ပြီး သူ့ရဲ့နေအိမ် မီးရှို့ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

"ငမော်က ဒလန်လုပ်နေတာကြာပြီ။ သူ့ကို ပကဖတွေက ဖမ်းဖို့လိုက်နေလို့ စစ်တပ်ထဲမှာ နေနေတယ်။ သူ့ အိမ်ကို ပကဖဘက်က မီးလာရှို့တာ၊ ဘေးကအိမ် ၂ လုံးပါ လောင်သွားတယ်" လို့ ရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။


အဲ့ဒီပျူစောထီးနေအိမ် မီးလောင်မှုကနေတဆင့် အနီးအနားက ဒေသခံတွေဖြစ်တဲ့ ဒေါ်သောင်းကြည်နဲ့ ဒေါ် မဌေး တို့ရဲ့ နေအိမ် ၂ လုံးပါ မီးလောင်ကျွမ်းခဲ့တယ်လို့ အဲ့ဒီရွာခံကဆက်ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတဦးက ဦးငမော်ရဲ့နေအိမ်ကို တပ်ဖွဲ့ဝင် ၃ ဦးက မီးရှို့ခဲ့တာဟုတ်မှန်ပေမယ့် ပြည်သူတွေရဲ့နေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

"ရဲဘော် ၃ ယောက်က စိတ်မထိန်းနိုင်လို့ မီးရှို့ခဲ့တာဆိုပြီးတော့ ဝန်ခံကြတယ်။ မီးရှို့ခဲ့လို့လည်း ပျူခေါင်းဆောင်တယောက်ရဲ့အိမ်ပဲ လောင်ကျွမ်းခဲ့တယ်။ အနီးအနားကအိမ်တွေ မလောင်ခဲ့ဘူး။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေပေါင်းပြီးတော့ မီးငြှိမ်းပေးခဲ့တာ" လို့ ဆိုပါတယ်။

လက်ရှိမှာ ပျူစောထီးခေါင်းဆောင် ဦးငမော် အနေနဲ့ သူ့ရဲ့မိသားစုတွေနဲ့အတူ စစ်ကောင်စီတပ်တခုမှာ ဝင်ရောက်ခိုလှုံနေတယ်လို့ သိရပါတယ်။
 စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10