စဉ့်ကူးနယ်မှာ စစ်တပ်က နယ်မြေစိုးမိုးဖို့ ကြိုးစားနေတာကြောင့် ဒေသခံတချို့ နေရပ်မပြန်နိုင်သေး

စဉ့်ကူးနယ်မှာ စစ်တပ်က နယ်မြေစိုးမိုးဖို့ ကြိုးစားနေတာကြောင့် ဒေသခံတချို့ နေရပ်မပြန်နိုင်သေး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ တရော်ပင်ကျေးရွာကို စစ်တပ်က မီးရှို့ခဲ့ပြီးနောက် ထပ်မံဝင်ရောက်ဖို့ကြိုးစား နေတာကြောင့် ဒေသခံတွေဟာ ၃ ရက်ကြာတဲ့အထိ ရွာထဲပြန်မဝင်ရသေးဘဲ တိမ်းရှောင်နေရတယ်လို့ စဉ့်ကူးမြို့နယ်ပကဖထံက နေသိရပါတယ်။

ဇွန် ၁၅ ရက် မနက်ပိုင်းက စဉ့်ကူးမြို့နယ် ပင်လယ်ကြီးဂိတ်နဲ့ ထုံးကြီးကျေးရွာက ပျူစောထီးနဲ့ စစ်သားတွေ ပေါင်းထားတဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ရွှေပြည်ကျေးရွာမှာ အထိုင်ချတပ်စွဲထားပြီး ရွာရဲ့ တောင်ဘက် ၂ မိုင်ခန့် အကွာက တရော်ပင်ကျေးရွာကို စစ်ကြောင်းထိုးလာခဲ့ပါတယ်။ 

အဲဒီလို စစ်ကြောင်းထိုးလာချိန် နေ့လယ် ၁ နာရီလောက်မှာ တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ကြောင့် စစ်တပ်က ပြန်ဆုတ်ခွာသွားပါတယ်။ ညနေပိုင်းမှာတော့ အင်အားဖြည့်တင်းကာ တကျော့ပြန်ရွာထဲကို ဝင်ရောက်ချိန် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်ဟာ ကျေးရွာအတွင်းဝင်ရောက်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ 

"ပြန်ဝင်လာတဲ့အချိန် ဒီက(တော်လှန်ရေးအဖွဲ့)ဖြတ်ပစ်လိုက်တော့ ရွာကိုဝင်ပြီး မီးရှို့သွားတာ" လို့ စဉ့်ကူးမြို့နယ်၊ ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၂၀ ခန့်ရှိတဲ့ တရော်ပင်ကျေးရွာက လူနေအိမ် ၃၅ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွှေပြည်ကျေးရွာမှာပဲရှိနေပြီး နယ်မြေစိုးမိုးမှုရရှိရေးအတွက် ကြိုးစားနေတာကြောင့် တရော်ပင်ကျေးရွာအတွင်းသို့ ထပ်မံစစ်ကြောင်းထိုးနိုင်တဲ့အခြေအနေရှိလို့ ဒေသခံတွေဟာ ရွာထဲ မဝင်ရဲသေးဘဲ စစ်ရှောင်နေရတယ်လို့ စဉ့်ကူးမြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

"တရော်ပင်ကို သူတို့(စစ်တပ်) နယ်မြေစိုးမိုးမှုယူချင်တာ။ ယူလို့မရသေးလို့ နောက်ပြန်ဆုတ်လိုက်၊ ပြန်တိုးလိုက်နဲ့ အပြည့်အဝတော့ နယ်မြေမငြိမ်သေးဘူး "လို့ သူက ဆက်ပြောပါတယ်။

မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြည်သူ့စစ်သင်တန်းတွေဆင်းပြီးတဲ့နောက် မန္တလေးမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တို့မှာ စစ်တပ်က အင်အားသုံးစစ်ကြောင်းထိုးတာတွေ ပိုလုပ်လာတယ်လို့သိရပါတယ်။

ပုံစာ - တရော်ပင်ကျေးရွာကို ဇွန်လ ၁၅ ရက်မှာ စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဥ့်ကူးမြို့ #တရော်ပင်ကျေးရွာ #စစ်တပ် #မီးရှို့ #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10