စဉ့်ကူးနယ်၊ ရွာသာယာကျေးရွာအနီး စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ်

စဉ့်ကူးနယ်၊ ရွာသာယာကျေးရွာအနီး စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ်

စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာအနီး စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာသာယာကျေးရွာက ပျူစောထီးတပ်ဖွဲ့ဝင် အမျိုးသား ၂ ဦး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တင်ဆောင်ထားတဲ့ သင်္ဘောတစီးဟာ ရွာသာယာကျေးရွာမှာ ဆိုက်ကပ်ထားပြီး စက်တင်ဘာ ၁ ရက် မနေ့ နေ့လယ်ပိုင်းမှာ ဝက်လက်မြို့နယ်အရှေ့ပိုင်းက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက် ထုံးကြီးကျေးရွာဘက်ကို ပြန်ဆန်တက်သွားခဲ့ပါတယ်။

အဲ့ဒီနောက် မွန်းလွဲ ၂ နာရီခန့်မှာ ထုံးကြီးကျေးရွာမှာ လူအင်အား၊ လက်နက်အင်အားထပ်တိုးပြီးတဲ့အခါမှာတော့ ရွာသာယာရွာကို ပြန်ရောက်လာတဲ့အခါ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့  ဒေသခံတွေက ဆိုပါတယ်။ 

ရွာသာယာရွာနဲ့ ထုံးကြီးကျေးရွာတွေဟာ ဧရာဝတီမြစ်လယ်မှာရှိတဲ့ ကျွန်းပေါ်ကျေးရွာတွေ (ကျွန်းထဲ ကျေးရွာတွေ)ဖြစ်ပြီး ရေကြောင်းနဲ့သာ သွားလာလို့ရတဲ့‌ ကျေးရွာတွေဖြစ်ပါတယ်။ 

"စစ်တပ်ရောက်ပြီး ၂ ဖက် ပစ်ခတ်မှုဖြစ်ကြတယ်။ စစ်တပ်ကလည်း ရွာတွေဖက် ရမ်းပစ်တယ်။ PDF တွေကလည်း ရွာသာယာရွာထဲကို ဒရုန်းနဲ့လည်းဗုံးချတယ်။ လက်နက်ငယ်တွေနဲ့လည်း စစ်သင်္ဘောကို ပစ်ကြတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် ရွာသာယာကျေးရွာထဲက ပျူစောထီးတပ်ဖွဲ့ဝင်အမျိုးသား ၂ ဦးနဲ့ သက်ကြီးရွယ်အို အဘွား ၁ ဦး အပါအဝင်အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဟင်္သာမကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာဟာ ပျူစောထီးတပ်ဖွဲ့ဝင်တွေနေထိုင်ပြီး စစ်တပ်က လက်နက်ကြီး အပါအဝင်လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားတဲ့ကျေးရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့မေလက ဟင်္သာမကျေးရွာ၊ ကြက်တူရွေးကျေးရွာနဲ့ သဲအင်းကျေးရွာတွေကို စစ်တပ်က မီးရှို့လုယက်စဥ်မှာ ရွာသာယာကျေးရွာက ပျူစောထီးတွေပါဝင်ခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

လက်ရှိအခြေအနေမှာ စစ်သားတွေပါတဲ့ သင်္ဘောဟာ ရွာသာယာကျေးရွာဆိပ်ကမ်းကို ကပ်ထားပြီး အင်အားထပ်တိုးမယ့်သတင်းကြောင့် ဒေသခံ ၃,၀၀၀ လောက်က ရှောင်တိမ်းနေကြပါတယ်။

ရွာသာယာကျေးရွာဟာ မကြာခဏ PDF တွေရဲ့ တိုက်ခိုက်မှုကို ခံနေရပြီး ပြီးခဲ့တဲ့မေလကလည်း ရွာသာယာကျေးရွာကို ရိက္ခာလာပို့တဲ့စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စဉ့်ကူးမြို့နယ် #ရွာသာယာကျေးရွာ #စစ်တပ် #ဒေသကာကွယ်ရေးတပ်ဖွဲ့ #သင်္ဘော #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10