စဉ့်ကူးမြို့ကို ပူးပေါင်းတပ်ဖွဲ့တွေ ဆက်လက်ထိန်းချုပ်ထားပြီး စစ်ကောင်စီဖော်ပြမှု ဝါဒဖြန့်ခြင်းသာ ဖြစ်ဟုဆို

စဉ့်ကူးမြို့ကို ပူးပေါင်းတပ်ဖွဲ့တွေ ဆက်လက်ထိန်းချုပ်ထားပြီး စစ်ကောင်စီဖော်ပြမှု ဝါဒဖြန့်ခြင်းသာ ဖြစ်ဟုဆို

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်တွေက ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စစ် တပ်ပိုင် မီဒီယာတွေမှာ ဇူလိုင်လ ၂၀ ရက် မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်အရ ၄င်းတို့တပ်ဖွဲ့ဝင်တွေဟာ ဇူလိုင်လ ၁၉ ရက်မှာ စဉ့်ကူးနယ်မြေအတွင်းကို ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတွေ အဆင့်ဆင့်ခြေကုတ်ယူကာ လေကြောင်းပစ်ကူ၊ လက်နက် ကြီးပစ်ကူတွေနဲ့  ချီတက်တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်သမားများ(မူရင်းဖော်ပြချက်အတိုင်း) ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဇူလိုင်လ ၂၀ ရက်မှာ စဉ့်ကူးမြို့ကို  ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ဖော်ပြမှုတွေဟာ ဝါဒဖြန့်မှုသပ်သပ်သာဖြစ်ပြီး မြေပြင်မှာ စဉ့်ကူးမြို့ကို တော် လှန်ရေးတပ်တွေကဆက်လက်ထိန်းချုပ်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး MDY PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောပါတယ်။

“စဉ့်ကူးမြို့ကို ကျနော်တို့ပဲ ထိန်းချုပ်ထားပါတယ်၊ စကစ ပြန်ဝင်နိုင်ပြီဆိုတာ မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ စစ်ကောင်စီရဲ့ထုတ်ပြန်ဖော်ပြမှု ဓာတ်ပုံမှတ်တမ်းများပါ စဉ့်ကူးမြို့မရဲစခန်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချတပ်စွဲထားနိုင်မှုမရှိကြောင်း စဉ့်ကူးမြေပြင်တိုက်ပွဲတွေမှာ ပါဝင်နေတဲ့ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးကလည်း ထပ်လောင်းပြောပါတယ်။

ဇူလိုင် ၁၉ရက်မှာ မန္တလေးဆိပ်ကမ်းကနေလာရောက်တဲ့ စစ်ကောင်စီတပ်တွေဟာ ကမ်းထိုး သံခွန် ၁ စီး၊ တွဲတွန်းသင်္ဘော ၂စီး၊ တွဲတွန်းသင်္ဘော အသေး ၁ စီး၊ စစ်သင်္ဘော ၁ စီးနဲ့ စဉ့်ကူးမြို့တဖက်ကမ်း ရွှေဘိုဘက်ခြမ်းမှာ ကမ်းကပ်ပြီး စဉ့်ကူးမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့ ရွှေဘိုဒေသခံတွေက ဆိုပါတယ်။

“ရွှေဘိုအရှေ့ ဧရာဝတီမြစ်ဘေးက မခေါက်ရွာနားမှာဗျ၊ စဥ့်ကူးနဲ့ဆို ကမ်းဟိုဘက်ဒီဘက်ပေါ့။ အဲ့ကနေ စဥ့်ကူးကိုလက်နက်ကြီးနဲ့ ထုနေတာ၊ ခုထိတော့ မြစ်ထဲကနေပဲ ပစ်နိုင်သေးတာ။ ဒါတောင် ရွှေဘိုဘက်ခြမ်း ကပ်ရပ်ထားပြီး ပစ်ရဲတာ”လို့ ရွှေဘိုဒေသခံတဦးက ပြောပါတယ်။

သင်္ဘောတွေက ဒီကနေ့မနက်ပိုင်းထိ ရွှေဘိုဘက်ခြမ်းမှာပဲ ကမ်းကပ်ထားဆဲဖြစ်ပြီး စစ်ကောင်စီတပ် သားတချို့ကတော့ စစ်သင်္ဘောအကြီးတွေဆီက လက်နက်ကြီးပစ်ကူတောက်လျှောက်ယူကာ မော်တော်ဘုတ်အသေးတွေနဲ့ မြစ်ကမ်းဘေးက ပျူစောထီးရွာတွေဆီ ချဥ်းကပ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ စစ်တပ်မြဝတီသတင်းရုပ်သံဖော်ပြမှုအတိုင်း ဇူလိုင် ၂၀ ရက်နေ့မှာ မြို့ကို  ပြန်လည်ထိန်း ချုပ်နိုင်ခဲ့တယ်လို့ ဝါဒဖြန့်ဖော်ပြနေတာတွေ့ရပါတယ်။

စဉ့်ကူးမြို့ကို ဇူလိုင်လ ၁၇ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ မန္တလေးတိုင်းထဲမှာ ပထမဆုံး စစ်အုပ်စုကင်းစင်တဲ့မြို့လည်း ဖြစ်ပါတယ်။

စာတည်း- ဟိန်းစံ။

#မြေလတ်အသံ

#စဉ့်ကူး #တော်လှန်ရေး #ပူးပေါင်းတပ်ဖွဲ့ #ဆက်လက်ထိန်းချုပ် #စစ်ကောင်စီ #ဝါဒဖြန့် #သတင်းတို 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10