စဉ့်ကူးမြို့နယ်မှာ ပျူစောထီးတွေက ကျေးရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

စဉ့်ကူးမြို့နယ်မှာ ပျူစောထီးတွေက ကျေးရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာက ပျူစောထီးတွေက အနီးနားကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးလိုက်ကြဲနေလို့ ဒေသခံတွေ ရွာတွေထဲက ရှောင်တိမ်းနေရသလို ဘုန်းတော်ကြီးစာသင်ကျောင်းတွေပါ ပိတ်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွာသာယာကျေးရွာကို အခြေချတပ်စွဲထားတဲ့ စစ်တပ်နဲ့ရွာခံပျူစောထီးတွေ ပေါင်းပြီး အောက်တိုဘာ ၁၅ ရက်ကနေ ဒီနေ့အထိ အနီးနားပတ်ဝန်းကျင်က ကျေးရွာတွေကို ဒရုန်းနဲ့လိုက်လံ ဗုံးကြဲတိုက်ခိုက်နေတာလို့ သိရပါတယ်။

"အဲဒီနားက ရွာတွေက တမိုင်လောက်တောင် မဝေးကြဘူး။ နီးတယ်လေ။ ကြားထဲမှာလည်း ကိုင်းပင်တွေရှိတော့ အကာကွယ်လိုဖြစ်နေတာ။ အဲ့ဒီနေရာတွေကနေ ဗုံးလိုက်ချတာဖြစ်နိုင်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့ မနက်မှာလည်း ဝက်လက်မြို့နယ်၊ ကမ်းဖြူကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကမ်းဖြူကျေးရွာက နေအိမ်တလင်းပြင်ထဲကျခဲ့လို့ ထိခိုက်မှုမရှိပေမယ့် အနီးနားက ဘုန်းတော်ကြီးသင်စာသင်ကျောင်းကတော့ ကျောင်းပိတ်လိုက်ရတယ်လို့သိရပါတယ်။

"မနက်က ဒရုန်းနဲ့ ဗုံးချတော့ ကလေးတွေအကုန်ပြန်ခေါ်ရတယ်။ ကျောင်းကလည်း လောလောဆယ်ပိတ်ထားရတယ်။ ပြန်ဖွင့်ဖို့ကလည်း ဒီအခြေအနေနဲ့ မသေချာသေးဘူး။ ပြန်ဖွင့်ရင်တောင် ကလေးတွေကို ပြန်မထားရဲသေးဘူး" လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

အဲ့ဒီဘုန်းတော်ကြီးသင်စာသင်ကျောင်းဟာ ကမ်းဖြူကျေးရွာ၊ ကျွန်းပင်သာသနာရိပ်သာကျောင်း ကျောင်းထိုင်ဆရာတော်က ဖွင့်လှစ်ထားတာလို့သိရပါတယ်။

ကျွန်းပင်သာသနာရိပ်သာကျောင်းမှာ နိုင်ငံခြားသားအများစု ရိပ်သာဝင်၊ တရားထိုင်တာတွေ လာလုပ်တဲ့ကျောင်းဖြစ်ပြီး နာမည်ကြီးတရားရိပ်သာတခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကမ်းဖြူကျေးရွာကို ဒရုန်းနဲ့ဗုံးချပြီးနောက် အနီးနားရေလည်မော်ကျေးရွာကိုလည်း ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ပျက်စီးမှုတချို့ရှိခဲ့တယ်လို့သိရပါတယ်။

"ရေလည်မော်က ပြည်သူတော့ မထိပါဘူး။ ဒေသခံတွေက အစထဲက ရွာထဲကနေ အပြင်ထွက်နေကြတာ။ ရွာထဲမှာ မနေကြဘူး" လို့  Wetlet Information Networkက ကိုနဂါးလေးက ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၁၅ ရက်ကလည်း အဲဒီကျေးရွာကပဲ မြောက်ဘက်က ဟင်္သာဖိုကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၀ ကျော်အရွယ်အမျိုးသားတဦးနဲ့ အသက်၅၀ ဝန်းကျင် အမျိုးသမီးတဦး၊ အသက် ၄၅ နှစ်ဝန်းကျင် အမျိုးသမီးတဦးတို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ကမ်းဖြူကျေးရွာ၊ ကျွန်းပင်သာသနာရိပ်သာကျောင်း။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဉ့်ကူးမြို့ #ရွာသာယာကျေးရွာ #ပျူစောထီး #ဒရုန်း #ဗုံးကြဲ #ဘုန်းတော်ကြီးစာသင်ကျောင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10