စဉ့်ကူးမြို့နယ်မှာ ပျူစောထီး ၂ ဦးအသတ်ခံရလို့ စစ်တပ်က စစ်ကြောင်းထိုး

စဉ့်ကူးမြို့နယ်မှာ ပျူစောထီး ၂ ဦးအသတ်ခံရလို့ စစ်တပ်က စစ်ကြောင်းထိုး

စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ဦး သတ်ဖြတ်ခံရပြီးနောက် မတ္တရာမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်စပ်က ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး တောစပ်တွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

သြဂုတ်လ ၃၀ ရက် မနေ့မနက် ၆ နာရီမှာ စဥ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာက ပျူစောထီးတပ်ဖွဲ့ဝင် အမျိုးသား ၂ ဦးကို လက်နက်ကိုင်ဆောင်ထားသူတချို့က သတ်ဖြတ်သွားပြီးတဲ့နောက်  ညနေ ၆ နာရီလောက်မှာပဲ လက်ပန်လှကျေးရွာဘက်ကနေ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက ညောင်ဝန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။ 

"အဲဒီဘက်က ရွာတွေက ပျူစောထီးတပ်ဖွဲ့ဝင်တွေ အများဆုံးနေတာ။ လမ်းတွေဆိုလည်း ပျူတွေက စစ်ဆေး ငွေတောင်းပြီး မထင်သလို ဒေသခံတွေကိုရိုက်နှက်နေတာ။ အဲ့ဒီကြားထဲကနေ ပျူ  ၂ ယောက် အသတ်ခံရတာ။" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အခုထိုးလာတဲ့စစ်ကြောင်းဟာ မနေ့ညပိုင်းက တောအုပ်တွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့ပြီး သြဂုတ်လ ၃၁ ရက် ဒီနေ့မနက်မှာတော့ ကျေးရွာအနီးဝန်းကျင်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ကင်းပုံးချခဲ့ပြီး စစ်သားတွေကတော့ ပြန်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးမြို့ထဲကနေ မတ္တရာမြို့နယ်ဘက်ကိုလည်း စစ်ကားတွေထွက်လာပြီး လမ်းတွေပေါ်မှာ အင်အားပြနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုစစ်ကြောင်းထိုးတဲ့ ညောင်ဝန်းကျေးရွာအနီးက ရွှေပြည်ရွာမှာလည်း စစ်တပ်က တပ်စွဲထားသလို အဲဒီကနေ စဥ့်ကူးမြို့နယ်၊ မြစ်ကမ်းအနီး ကျေးရွာတွေကို သွားတဲ့လမ်းတွေမှာလည်း ပျူစောထီးတွေက နေ့စဥ်စစ်ဆေးလေ့ ရှိတယ်လို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကောင်စီ #ပျူစောထီး #မတ္တရာမြို့နယ် #စဥ့်ကူးမြို့နယ် #ညောင်ဝန်းကျေးရွာ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10