စဉ့်ကူးမြို့နယ် ရွာသာယာကျေးရွာတိုက်ခိုက်ခံရမှု စစ်ကောင်စီဘက် သေဆုံးသူများပြား

စဉ့်ကူးမြို့နယ် ရွာသာယာကျေးရွာတိုက်ခိုက်ခံရမှု စစ်ကောင်စီဘက် သေဆုံးသူများပြား

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး မန္တလေးနန်းတွင်းထဲမှာ ဆေးကုသမှုခံယူနေစဥ် စစ်သား ၅ ဦးနဲ့ ဒေသခံ ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၃၀ ရက်ကနေ စက်တင်ဘာ ၁ ရက်အထိ ဒေသခံကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်စွဲထားတဲ့ ရွာသာယာကျေးရွာကို ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ရာက စက်တင်ဘာ ၁ ရက်မှာ စစ်တပ်နဲ့ PDF တွေ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့တာနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်မှာ ကျေးရွာသားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် အပြင်းအထန်ဒဏ်ရာတွေရခဲ့ပြီး ထုံးကြီးဆေးရုံက ဆက်လက်မကုသနိုင်တော့လို့ မန္တလေးနန်းတွင်းထဲကို သယ်သွားတယ်လို့ သိရပါတယ်။

"မနေ့က ဒဏ်ရာရတဲ့ စစ်သား ၅ ယောက်လောက်သေတယ်။ ပျူစောထီးထဲဝင်ထားတဲ့ ရွာသားက ၂ ယောက် သေတယ်။ စစ်သားသေတဲ့ သတင်းကိုတော့ အချင်းချင်းတောင် ပေးမသိကြဘူး” လို့ စဉ့်ကူးမြို့နယ်ထဲက ကျေးရွာတရွာမှ ဒေသခံတဦးက ပြောပါတယ်။ 

သေဆုံးသူ ၄ ဦးတွင် အမျိုးသမီး ၂ ဦးပါဝင်တယ်လို့ သိရပါတယ်။ 

အခုလို ဒရုန်းနဲ့ဗုံးချခံရတဲ့အတွက်ကြောင့် ဝက်နက်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကိုလည်း စစ်ကောင်စီဘက်က ညစဉ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။  

"ရွာတွေထဲမှာ ဘယ်သူမှ ညမအိပ်ရဲဘူး။ မနေ့ညကအထိ လက်နက်ကြီးတွေနဲ့ လိုက်ပစ်နေတာ။ အိမ်တွေဘေးကို လက်နက်ကြီးတွေကျတယ်" လို့ ဒေသခံတဦးကပြောပါတယ်။

ရွာသာယာကျေးရွာဟာ စဉ့်ကူးမြို့နယ်မှာ ပျူစောထီးကျေးရွာအဖြစ်ထင်ရှားပြီးတော့ အရင်ကတည်းက ကြံ့ခိုင်ရေးပါတီထောက်ခံသူများတဲ့ ကျေးရွာလို့ သိရပါတယ်။ 

အဲ့ဒီကျေးရွာဟာ ဒေသကာကွယ်ရေးတပ်တွေရဲ့ မကြာခဏတိုက်ခံမှုကိုခံရပြီး ပျူစောထီးအဖွဲ့ထဲ မဝင်ချင်တဲ့ ကျေးရွာခံတချို့လည်း ရွာထဲကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဉ့်ကူးမြို့နယ် #ရွာသာယာကျေးရွာ #ပျူစောထီး #မန္တလေးနန်းတွင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10