စဉ့်ကူးမြို့သိမ်းတိုက်ပွဲအောင်မြင်ခဲ့ပြီး မန္တလေးတိုင်းအတွင်း ပထမဆုံးစစ်ကောင်စီကင်းစင်မြို့ဖြစ်လာ

စဉ့်ကူးမြို့သိမ်းတိုက်ပွဲအောင်မြင်ခဲ့ပြီး မန္တလေးတိုင်းအတွင်း ပထမဆုံးစစ်ကောင်စီကင်းစင်မြို့ဖြစ်လာ

စဉ့်ကူးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး မန္တလေးတိုင်းမှာ ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့မြို့ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ဇူလိုင် ၂၀ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေက စဉ့်ကူးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီစခန်းအားလုံးကို ဇူလိုင် ၁၇ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကိုရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ရှိနေသေးပြီး မြေပြင်တိုက်ပွဲတွေကတော့ မရှိတော့ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောပါတယ်။

“စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းပိုက်ပြီးတဲ့ အချိန်မှာလည်း ရန်သူ့ဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်နေတာတွေ ရှိပါသေးတယ်။ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ပြုလုပ်နေတာရှိပါတယ်။ မြေပြင်တိုက်ပွဲတွေကတော့ မရှိတော့ဘူးပေါ့နော်၊ ငြိမ်သက်သွားပြီလို့ သိရပါတယ်ဗျ” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရှင်ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်နဲ့ ကွန်မန်ဒိုစိန်ပြောင်းများ၊ MA Series လက်နက်ငယ်များ၊ စက်သေနတ်များ၊ BA 63(G 3)၊ M 16၊ BA 94၊ RPG အမျိုးအစား လက်နက်ငယ် ၁၀၀ ကျော်အပြင် ခဲယမ်းဆက်စပ်မျိုးစုံကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေလည်းရှိနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူနေအိမ်နဲ့ အဆောက်အဦပျက်စီးမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စဉ့်ကူးမြို့နယ်ထဲက စခန်းတခုဖြစ်တဲ့ ထုံးကြီးရွာ နယ်မြေရဲစခန်းကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဇူလိုင် ၁၈ ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၅၀ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #စဉ့်ကူး #မြို့သိမ်းတိုက်ပွဲ #စစ်တပ် #MDYPDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10