စဉ့်ကူးမြို့နယ်မှာ စစ်တပ်နဲ့ PDF ကြားတိုက်ပွဲပြင်းထန်၊ PDF တွေက စခန်းတခုကို သိမ်းပိုက်ထား

စဉ့်ကူးမြို့နယ်မှာ စစ်တပ်နဲ့ PDF ကြားတိုက်ပွဲပြင်းထန်၊ PDF တွေက စခန်းတခုကို သိမ်းပိုက်ထား

စဉ့်ကူးမြို့နယ်အတွင်း မန္တလေး-မိုးကုတ်ကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာကြောင့် နှစ်ဘက်တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့ နေ့ လယ်ပိုင်းမှာ စစ်ကောင်စီစခန်း တခုကို သိမ်းပိုက်ရရှိထားတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

မတ္တရာမြို့နယ်ရဲ့ မြောက်ဘက်ကပ်လျက်မှာရှိတဲ့ စဉ့်ကူးမြို့နယ်ထဲက ရွှေပြည်၊ နွယ်ရုံ၊ ချောင်းကြီး ကျေးရွာတွေက ရဲစခန်းတွေနဲ့ ပင်လယ်ကြီးဂိတ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာလို့ သိရပါတယ်။

"စခန်းတခုကို နေ့လယ် ၁၂ နာရီ လောက်က ရထားတယ်။ နယ်မြေရှင်းလင်းရေး မဝင်ရသေးဘူး။ ရဲစခန်းကနေ ထွက်ပြေးနေတဲ့သူတွေလည်းရှိနေတယ်" လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် အသေးစိတ်ကိုတော့ပြောလို့ မရသေးဘူးလို့ သူက ဆိုပါတယ်။

အဲဒီစခန်းတွေကို ဇူလိုင်  ၁ ရက် မနက် ၃ နာရီကျော်ကတည်းက တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတာဖြစ်ပြီး မိုးကုတ်-မန္တလေးလမ်းလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။

"တိုက်ပွဲတွေ မပြီးသေးလို့ လမ်းပြန်မဖွင့်သေးပါဘူး။ လောလောဆယ်ဖွင့်ဖို့လည်း မရှိသေးဘူး" လို့ တော်လှန်ရေးရဲဘော်တဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း မနေ့က တိုက်ပွဲစတင်ချိန်ကစပြီး လေယာဥ်နဲ့ ဆက်တိုက်ဗုံးကြဲတာတွေပြုလုပ်နေပြီး ဒီနေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာက ဒေသခံတဦးကို ဒီနေ့ နေ့လည်ပိုင်းမှာ မေးမြန်းခဲ့ရာ မနက်ပိုင်းက လေယာဥ်တကြိမ် လာကြဲသွားပြီး လက်နက်ကြီးသံတွေကြားနေရဆဲဖြစ်ကာ ပိတ်မိနေတဲ့ဒေသခံတွေလည်း မထွက်ရသေးဘူးလို့ ဆိုပါတယ်။

စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးတဲ့ဒေသခံတချို့လည်းရှိနေပြီး အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ပွဲအခြေအနေကြောင့် မိုးကုတ်မြို့ကနေ မန္တလေးဘက်ကို စစ်ရှောင်လာသူတွေလည်း လမ်းမှာပိတ်မိနေပြီး ရှေ့ဆက်မရဘဲ ကားတွေရပ်ထားရတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ထားနိုင်ပြီး လက်နက် ၁၀၀ ကျော် ရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးက ဇူလိုင် ၂ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ပုံစာ-စဉ့်ကူးမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေစဉ်။ 

သတင်း-N၊ စာတည်း-လင်းဇေ

#မြေလတ်အသံ

#စဥ့်ကူးမြို့ #မန္တလေး #မိုးကုတ်ကားလမ်း #စစ်ကောင်စီတပ်စခန်း #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10