စဉ့်ကူးမြို့နယ်၊ နွယ်ရုံရဲစခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်

စဉ့်ကူးမြို့နယ်၊ နွယ်ရုံရဲစခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ ဘက်က လက်နက်ချသူတွေနဲ့ ထွက်ပြေးသူတွေရှိတာကြောင့် လမ်းတွေ ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

နွယ်ရုံကျေးရွာရဲစခန်းကို မနေ့က သိမ်းပိုက်ထားနိုင်တဲ့အခြေအနေရှိသော်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး နယ်မြေမရှင်းလင်းနိုင်သေးဘဲရှိနေရာမှ ဒီနေ့ မနက်ပိုင်းမှာ နယ်မြေရှင်းလင်းပြီး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

"မနေ့က လေယာဥ်တွေနဲ့ ဆယ်ခေါက်ကျော်တယ်။ ဗုံးကြဲပြီး ညပိုင်းမှာ အသံငြိမ်သွားတယ်။ စခန်းရပြီ၊ ဗိုလ်တွေလည်း ထွက်ပြေးတယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် စစ်ဆေးဖို့ ဆိုပြီးလမ်းတွေတော့ အကုန်ပိတ်ထားတုန်းပဲ။ အခြေအနေတော့ နည်းနည်းကောင်းသွားပြီ "လို့ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

နွယ်ရုံကျေးရွာရဲစခန်းကို ဇူလိုင် ၁ ရက်က တော်လှန်ရေးတပ်တွေတိုက်ခိုက်နေပြီး စစ်တပ်ကလည်း မနေ့ကအထိ လေကြောင်းတိုက်ခိုက်တာတွေ တရစပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

အခြေအနေအနည်းငယ်ငြိမ်သွားပေမယ့် ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာကိုလာရောက် ရန်ပြုမှာ စိုးရိမ်တဲ့အတွက်ဒေသခံတွေကတော့ အပြင်မထွက်ရဲသေးဘူးလို့ ဆိုပါတယ်။

"လမ်းတွေလည်း ပိတ်ထားတုန်းပဲ။ သတင်းတွေကလည်းအမျိုးမျိုးမို့ ဘယ်သူမှ အပြင်မထွက်ရဲသေးဘူး" လို့ ဒေသခံအမျိုးသမီးက ဆိုပါတယ်။

အဲဒီကျေးရွာတွေကို တိုက်ပွဲမဖြစ်ခင်တပတ်ကျော်လောက်ကတည်းက စစ်တပ်က လျှပ်စစ်မီးဖြတ်ထားတာ ကြောင့် သတင်းတွေကြည့်မရသလို ဖုန်းအားချွေတာပြီး ဖုန်းဆက်ပြောတဲ့ သတင်းတွေသာ နားထောင်နေရ တယ်လို့လည်း ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ မိတ္တီလာနဲ့ တံတားဦးလေတပ်က လာရောက် တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးတပ် တွေဆီက သိရပါတယ်။

မနေ့ကညပိုင်းမှာ မိုးကုတ်-မန္တလေးလမ်းမပေါ်က ပင်လယ်ကြီးဂိတ်စခန်းဘက်ကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် စစ်ကောင်စီရဟတ်ယာဉ်တစီးအား တွေ့ရစဉ်။

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဉ့်ကူးမြို့နယ် #နွယ်ရုံကျေးရွာ #ရဲစခန်း #စခန်းသိမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10