စနိုက်ပါနဲ့ပစ်ခံရတဲ့စစ်ကြောင်းက လက်နက်ကြီးနဲ့ပြန်ပစ်တာကနေ ကျောင်းထိုင်ဘုန်းကြီး ဒဏ်ရာရ

စနိုက်ပါနဲ့ပစ်ခံရတဲ့စစ်ကြောင်းက လက်နက်ကြီးနဲ့ပြန်ပစ်တာကနေ ကျောင်းထိုင်ဘုန်းကြီး ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်တပ်စစ်ကြောင်း စနိုက်ပါနဲ့ပစ်ခံရပြီးနောက် လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်လို့ ကျောင်းထိုင်ဘုန်းကြီး ၁ ပါး လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁ ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက် မနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က ကညင်မြောင်ရွာကို အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီပူးပေါင်းတပ်ကို ကျောင်းကုန်းရွာအနီးမှာ စနိုက်ပါနဲ့ ကြားဖြတ် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"စစ်ကြောင်းနှစ်ကြောင်းနဲ့ စပါးကြွယ်ရွာအုပ်စုနဲ့ကညင်မြောင်အုပ်စုကို ဝင်လာတာ။ ကျနော်တို့ဘက်က ကညင်မြောင်ဘက်လာတဲ့အဖွဲ့ကို ကြားဖြတ်ပစ်တာ" လို့ တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁ ပြန်ကြားရေးတာဝန်ရှိသူက  ပြောပါတယ်။

စနိုက်ပါနဲ့ပစ်ခတ်မှုမှာ စစ်ကောင်စီစစ်ကြောင်းက ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တာကြောင့် စစ်ကြောင်းက လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်လို့ ၁ မိုင်ခန့်အကွာမှာရှိတဲ့ ကညင်မြောင်ရွာကိုကျရောက်ပြီး ရွာဘုန်းကြီးကျောင်းကို ထိမှန်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းလက်နက်ကြီးက ကညင်မြောင်ကျေးရွာဘုန်းကြီးကျောင်းကို ကျရောက်ထိမှန်လို့ ကျောင်းအတွင်းရှိနေတဲ့ ကျောင်းထိုင်ဆရာတော် ဦးခေမာစာရ သက်တော် ၅၀ နှစ်ခန့်မှာ ဘယ်လက်မောင်းပြတ်ရှဒဏ်ရာရသွားကာ ကျောင်းလည်းထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #စစ်တပ်စစ်ကြောင်း #လက်နက်ကြီးပစ်ခတ် #ကျောင်းထိုင်ဘုန်းကြီး #ဒဏ်ရာရ #ဗုံးစထိမှန် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10