စပါးခြွေနေတဲ့လယ်ကွင်းထဲကို စစ်တပ်ကဒရုန်းနဲ့ဗုံးချလို့ အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စပါးခြွေနေတဲ့လယ်ကွင်းထဲကို စစ်တပ်ကဒရုန်းနဲ့ဗုံးချလို့ အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အနီး ဒေသအခေါ် သန်းဦးချောက်(တော)ထဲမှာရှိတဲ့ လယ်ကွင်းတခုကို စစ်ကောင်စီတပ်ကဒရုန်းနဲ့ ဗုံးကျဲချခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၁၀ ရက် မနေ့ နေ့လယ် ၁နာရီခွဲခန့်မှာ ဒေသခံတောင်သူတွေက အဆိုပါလယ်ကွင်းအတွင်း စပါးရိုက်(စပါးစေ့ခြွေ)နေချိန် ကျောက်ထုအခြေစိုက် အမှတ် ၃၆၈ အမြောက်တပ်ရင်း(အမတ ၃၆၈) ကနေ ဒရုန်းနဲ့ဗုံးချခဲ့တာလို့ ဆိုပါတယ်။

“ စကစကို အသိပေးပြီးသွားမှရမယ့် အနေထားမျိုးဖြစ်တဲ့အတွက် သူတို့ကို အသိပေးအကြောင်းကြားပြီးမှ စပါးရိတ်ချင်လို့ပါ ပြောတဲ့အချိန်မှာ သူတို့ကခွင့်ပြုတယ်၊ ခွင့်ပြုတယ်ဆိုတော့သွားတယ်။ မနက်ပိုင်းထဲက သွားပြီးမှ နေ့လယ်စပါးရိုက်တာပေါ့နော်၊ ရိုက်ချိန်ကျမှ ဒရုန်းလာတော့၊ တောင်သူတွေက ပြောထားပြီးသားဆိုတော့ သေချာပြောပြီး ခွင့်တောင်းပြီးမှလာတာဆိုတော့ (ဒီအတိုင်း) နေလိုက်တဲ့ချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ စပါးရိုက်တဲ့နေရာကို ကွက်တိတည့်တည့်ကို လာချတာ”လို့ ကျောက်ထုဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီရဲ့  ဒရုန်းဗုံးချတိုက်ခိုက်မှုကြောင့် စပါးခြွေနေတဲ့ ကျောက်ထုမြို့၊ နတ်ရဲရပ်ကွက်နေ ကိုဝင်းသန်းဦး အသက် ၃၄ နှစ်မှာ ဗုံးစရင်ဘတ်ဖောက်ဝင်ဒဏ်ရာနဲ့ နေရာမှာသေဆုံးခဲ့ပြီး ကိုဆန်းမင်းထက် အသက် ၂၈ နှစ်နဲ့ အသက် ၃၀ ဝန်းကျင်အမျိုးသား ၁ ဦးမှာ နောက်ကျောနဲ့ခြေထောက် ဗုံးစထိမှန်ဒဏ်ရာအသီးသီးရရှိခဲ့ကာ ကိုဆန်းမင်းထက်ကတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅  ရက်ကလည်း ကျောက်ထုမြို့၊ ပန်းဆန်ကျေးရွာကို စစ်ကောင်စီကဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် သားအမိ ၂ ဦး သေဆုံးခဲ့ရပြီး ပြည်သူ ၁၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဒရုန်းအသုံးပြု တိုက်ခိုက်ရန်ပြင်ဆင်နေသည့် စစ်ကောင်စီတပ်သားများအားတွေ့ရစဉ်။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ကျောက်ထု #စစ်တပ် #ဒရုန်း #ပြည်သူ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10