စမွန်းရွာ စီးနင်းခံရမှု ဘုန်းကြီးအပါအဝင် PDF တွေနဲ့ ရွာခံ ၁၁ ဦးဖမ်းဆီးခံရပြီး လက်နက်တွေ သိမ်းဆည်းခံရ

စမွန်းရွာ စီးနင်းခံရမှု ဘုန်းကြီးအပါအဝင် PDF တွေနဲ့ ရွာခံ ၁၁ ဦးဖမ်းဆီးခံရပြီး လက်နက်တွေ သိမ်းဆည်းခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စမွန်းရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီးနောက် ဘုန်းကြီးအပါအဝင် PDF တွေနဲ့ ရွာခံ ၁၁ ဦးဖမ်းဆီးခံရပြီး လက်နက်တွေ သိမ်းဆည်းခံရတယ်လို့ 3 Star ကျားသစ်နက်တပ်ဖွဲ့ထံက သိရပါတယ်။

ဇွန်လ ၂၉ ရက် မနေ့မနက် ၅ နာရီလောက်မှာ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက စမွန်းရွာထဲကိုဝင်လာပြီး ပစ်ခတ်ကာ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်စခန်းနေရာတခုကိုလည်း ဝင်စီးခဲ့တယ်လို့ ဆိုပါတယ်။

"ပစ္စည်းတွေက ဘုန်းကြီးကျောင်းထဲက ကားတွေပေါ်မှာ တင်ထားတာ။ စကစ ဘက်က ရုတ်တရက်ဝင်လာတော့ ဘာမှ ယူချိန်မရဘဲ အဖွဲ့ဝင်တွေလည်း ဆုတ်ခွာ၊ ပြည်သူတွေလည်း ပြေးနေရတော့ စကစ ဘက်က ပစ္စည်းတွေရသွားတာ။ ဘုန်းကြီးကျောင်းထဲ လက်နက်တွေ မိတယ်ဆိုတော့ ဘုန်းကြီးပါ ဖမ်းသွားတယ်။" လို့ Star ကျားသစ်နက်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စီးနင်းခံရတဲ့ နေရာဟာ စမွန်းရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နေရာဖြစ်ပြီး ကျေးရွာဘုန်းကြီး၊ ပြည်သူနဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် အချို့ စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်းပိုင်၊ PDF အဖွဲ့ပိုင်နဲ့ ကျေးရွာသားတွေပိုင် ကား ၅ စီး၊ ၁၀၇ မမ ၅ လုံး၊ လက်လုပ်သေနတ် ၃၅ လက်၊ စနိုက်ပါ ၁ လက်၊ ဗုံးသီးမျိုးစုံ ၂၀၀ ကျော်၊ ကျည်ဆံများ၊ ပြည်သူပိုင်ငွေများနဲ့ ဆက်စပ်ပစ္စည်းများ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၅၀၀၀ ကျော်လောက် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် ကျေးရွာက အသက် ၅၀ ကျော်အမျိုးသမီး ၁ ဦး၊ အသက် ၁၃ နှစ်အရွယ် မိန်းကလေး ၁ ဦးတို့ သေဆုံးခဲ့သလို အသက် ၄၀ ကျော်အမျိုးသမီး ၁ ဦး၊ အသက် ၄ နှစ်အရွယ် ကလေး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ နေ့လယ် ၂ နာရီကျော်ခန့်မှာ ဖမ်းဆီးထားသူတွေနဲ့ သိမ်းဆည်းရမိ လက်နက်တွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်ကာ ပဒူကျေးရွာဘက်ကို ပြန်ထွက်သွားတယ်လို့ သိရပါတယ်။

ဇွန်လ ၃၀ ရက် မနက်ပိုင်းမှာတော့ ထွက်ပြေးနေရတဲ့ ပြည်သူအချို့ ရွာထဲ ပြန်ရောက်နေပေမယ့် အများစုကတော့ ရွာကို ပြန်မလာရဲသေးဘူးလို့ သိရပါတယ်။

ဇွန်လ ၂၅ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ ကင်းတော်၊ လက်ပန်တော၊ မြင်းဆည်၊ ဥယျာဥ်၊ သုံးလင့်၊ ကိုင်းပြင်စတဲ့ရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒေသခံ ၁၀၀၀၀ ကျော်ထွက်ပြေးခဲ့ရသေးတယ်လို့ သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #စမွန်းရွာ #ပကဖ #စစ်ကောင်စီ #လက်နက်ခဲယမ်း #သိမ်းဆည်းခံရ #စစ်ရှောင်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10