စလင်းက စစ်အုပ်စုအထိုင်စခန်း ၄ ခုကိုတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

စလင်းက စစ်အုပ်စုအထိုင်စခန်း ၄ ခုကိုတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ ကင်းစခန်းနေရာ ၄ ခုကို ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် PDF အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက် မနက် ၆ နာရီခန့်ကစတင်ကာ ဆုတ်လှေဦးကင်းစခန်း ၊ သိမ်ကုန်းလမ်းဆုံ ၊  လင်းဇင်းတိုက်နယ်ရဲစခန်းနဲ့ သစ်ခေါက်တောင်အထိုင်စခန်းတွေကို ဒရုန်းနဲ့ဗုံးချတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၁၀ နာရီခွဲအထိ ၄ နာရီကျော်ကြာတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဆင်ဖြူကျွန်းမြို့ ဆုတ်လှေဦးကင်းစခန်းကို ဒရုန်း ဗုံးသီး ၂ လုံး၊ သိမ်ကုန်းလမ်းဆုံကို ဗုံးသီး ၂ လုံး ၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို တာဝေးပစ် Rocket ၆ လုံး၊ သစ်ခေါက်တောင်အထိုင်စခန်းကို ၆၀ မမ လက်နက်ကြီး ၂ လုံးနဲ့ အသီးသီးပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုတွေအတွင်း သီးကုန်းလမ်းဆုံစစ်ကောင်စီစခန်းက စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ပြီး လင်းဇင်းတိုက်နယ်ရဲစခန်းက အဆောက်အဦတချို့ ထိမှန်ပျက်စီးတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုကျော်စွာက ပြောပါတယ်။

အဲ့ဒီသီးကုန်းစစ်ကောင်စီစခန်းမှာ စေတုတ္တရာအခြေစိုက် စစ်ကောင်စီတပ် ကပစ ၂၀ က ဗိုလ်မှူး ၁ ဦး ဦးဆောင်ပြီး အင်အားက ၃၀ ကျော်နဲ့ တပ်စွဲအထိုင်ချထားတာလို့လည်း ဆိုပါတယ်။

“ တပြိုင်နက်တည်း တချိန်တည်း ဒီလိုမျိုးတိုက်လိုက်တော့ သူတို့ဘက်က အင်အားပြန့်ကွဲနေတဲ့ အနေအထားဖြစ်ပြီး တခြားနေရာတွေကို သူတို့ဘက်က မကူနိုင်ဘူး” လို့ အထက်ပါတာဝန်ခံကို ပြောပါတယ်။

အထက်ပါ ဗုံးချပစ်ခတ်တိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီး ဆင်ဖြူကျွန်း၊ ဆုတ်လှေဦး ဗုံးချခံရတာကြောင့် လူထိခိုက်မှုရှိခဲ့လို့ ဆုတ်လှေဦးမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်က ယမန်နေ့ အောက်တိုဘာ ၂၁ ရက် ညပိုင်းအထိ ညစဉ်လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံ ၁ ဦးကလည်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ မင်းဘူးခရိုင် တပ်ရင်း ၁၊ စလင်း ပကဖ၊ မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုံးအဖွဲ့ နဲ့ ဒေါင်းညီနောင်ပျောက်ကျားအဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပုံစာ - မင်းဘူးခရိုင်တပ်ဖွဲ့ဝင်များ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်မှုဖော်ဆောင်နေစဉ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မ‌ကွေး #စလင်း #စစ်ကောင်စီ #ဒရုန်း #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10