စလင်းချောင်းရေလျှံလို့ ရွာ ၅ ရွာထက်မနည်း ဘေးလွတ်ရာ ပြောင်းရွှေ့ရ(ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ စလင်းချောင်းရေလျှံလို့ ချောင်းနံဘေးတလျှောက် ကျေးရွာတချို့ ရေနစ်မြုပ်နေပြီး ပြည်သူတွေလည်း ဘေးလွတ်ရာပြောင်းရွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂ ရက် မနေ့ည ၁၀နာရီလောက်ကစပြီး စလင်းချောင်းဘေးက ကန်တော်ရွာ၊ ဥသျှစ်ကုန်းရွာတွေထဲကို ရေစဝင်လာခဲ့ပြီး ဒီကနေ့မနက်မှာတော့ ရွာ ၅ ရွာထက်မနည်းရေဝင်နေပြီဖြစ်သလို ဆင်ဖြူကျွန်းမြို့ပေါ်က လမ်းတွေ နေအိမ်တွေအထိ ရေအမြင့် ၃ ပေကျော်အထိ မြင့်တက်နေပြီး ထပ်မံတိုးမြင့်လာနိုင်တယ်လို့ ဆိုပါတယ်။

“မနေ့နဲ့ ဒီနေ့ မိုးတအားများတာရော အထက်က ချောင်းရေကျတာရော ပေါင်းပြီးရေလျှံတာ။ အရင် မိုခါ (မုန်တိုင်း)တုန်းက ရေအဆင့်ရှိတယ်၊ ညကတည်းက ရေ တက်တာဆိုတော့ တချို့ဆို ရွေ့ချိန်ကိုမရလောက်ဘူး၊ ည ၁၀နာရီဆိုတော့ လူအိပ်ချိန်ဖြစ်နေပြီလေ၊ ဒီမနက် ထမင်းပို့ဖို့သွားတာ ရေကပေါင် အရင်းလောက်ရှိတော့ သွားမရဘူးဖြစ်နေတာ။ ရေစီးကလည်း နည်းနည်းသန်တယ်”လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အခုလက်ရှိမှာ စလင်းချောင်းရေလျှံတာကြောင့် နွယ်တမယ်၊ ရှားတောကြီး၊ ကန်တော်၊ ဥသျှစ်ကုန်း၊ ဂွေးကုန်း၊ ငသန်ခေါင်းစတဲ့ ကျေးရွာတွေရေနစ်မြုပ်နေပြီး ဒေသခံတွေကတော့ ကုန်းမြင့်ပိုင်းနဲ့ ရေလွတ်ရာနေရာတွေ ပြောင်းရွေ့နေထိုင်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း မိုခါမုန်တိုင်းတိုက်ခတ်မှုအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့လို့ စလင်းချောင်းရေလျှံခဲ့တာကြောင့် ဆင်ဖြူကျွန်းမြို့နယ်အတွင်း ရေကြီး၊ရေလျှံမှုတွေဖြစ်ပေါ်ခဲ့ကာ ‌ရေမျောပါသေဆုံးသူ ၄ ဦး  ရှိခဲ့ပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#ရေကြီးရေလျှံသတင်း #စလင်းချောင်း #ဆင်ဖြူကျွန်း #ကျေးရွာရေနစ်မြုပ် #မကွေးသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10