စလင်းမြို့ပေါ်မှာ ကင်းပတ်ပြီးပြန်လာတဲ့ ရဲတွေကို PDF က တိုက်ခိုက်

စလင်းမြို့ပေါ်မှာ ကင်းပတ်ပြီးပြန်လာတဲ့ ရဲတွေကို PDF က တိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ လှည့်ကင်းပတ်ပြီး ရဲစခန်းကိုပြန်လာတဲ့ ဆိုင်ကယ်စီးရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - စလင်း ဆီက သိရပါတယ်။

အောက်တိုဘာလ ၅ ရက် ဒီကနေ့မနက်အစော ၁ နာရီခွဲဝန်းကျင်မှာ ဆိုင်ကယ် ၃ စီးနဲ့ ရဲ ၆ ဦးဟာ ကင်းပတ်ပြီး ရဲစခန်းကိုပြန်လာချိန် မြင်တင်ရပ်ကွက်ရှိ ဆင်ကိုးကောင်ဘုရားအနီးမှာ တိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။ 

မိုင်းဆွဲခံရပြီး လဲကျသွားတဲ့ ဆိုင်ကယ်စီး ရဲ ၂ ယောက်က ပြန်မထနိုင်ဘူး။ လက်နက်တွေ သွားကောက်တဲ့အချိန် ပြန်ပစ်လို့ မရခဲ့ဘူး လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - စလင်း တာဝန်ခံ M4 က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ၃ စီးမြောက် ဆိုင်ကယ်နဲ့ ရဲ ၂ ဦး လဲကျသွားခဲ့ချိန် လက်နက်တွေကောက် ယူဖို့ ကြိုးစားခဲ့ပေမယ့် ကျန်ဆိုင်ကယ် ၂ စီးနဲ့ ရဲတွေဘက်က ပြန်လည်ပစ်ခတ်ခဲ့တာကြောင့်  အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - စလင်းအဖွဲ့ ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး  အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း ဘေးကင်းကင်းနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။ 

စလင်းမြို့ခံတဦးကတော့ အဲ့ဒီ ဆင်ကိုးကောင်ဘုရားနဲ့ အနီးတဝိုက်မှာ ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က လမ်းသွားလမ်းလာတွေနဲ့ ကား၊ ဆိုင်ကယ်တွေကို ပိတ်ဆို့ စစ်ဆေးရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း စလင်းမြို့နယ်၊ သရက်တောရဲစခန်းကို ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။  

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #စလင်း #လှည့်ကင်း #ရဲတပ်ဖွဲ့ #တိုက်ခိုက်ခံရ #SalinPDF #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10