စလင်းမှာ ကြံ့ခိုင်ရေးပါတီအမတ်လောင်းရဲ့ဇနီး ပစ်သတ်ခံရ

စလင်းမှာ ကြံ့ခိုင်ရေးပါတီအမတ်လောင်းရဲ့ဇနီး ပစ်သတ်ခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ မြို့မအနောက်စျေး နရပတ္တိစည်သူလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ဆက်နွယ်တဲ့အမျိုးသမီး ၁ ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၄၀ အရွယ်ဒေါ်ဟန်ဆုယဥ်ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်မနက် ၉ နာရီလောက်မှာ စလင်းမြို့မအနောက်စျေးမှာ ဆန်ရောင်းနေချိန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“ကျနော်တို့ သေနတ်အတိုနဲ့ ဝင်ပစ်ပြီးရှင်းလင်းခဲ့တာ။ သူ့ကို ၁ ချက်ပစ်ခတ်ခဲ့တယ်။ ခေါင်းမှန်တာ၊ သူ့ကိုရှင်းလင်းပြီးနောက်မှာ စစ်ကောင်စီကားရောက်လာပြီး ရုပ်အလောင်းကို သယ်သွားတယ်” လို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျား ခေါင်းဆောင် ဗိုလ်သတ္တိက ပြောပါတယ်။ 

ဒေါ်ဟန်ဆုယဥ်ဟာ ၂၀၂၀ ရွေး‌ကောက်ပွဲမှာ စလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြီး မ‌ကွေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးဝင်းမြိုင်ရဲ့ဇနီးဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းကာ ပေါ်တာဆွဲဖမ်းမှုတွေမှာလည်းပါဝင်တာရှိတယ်လို့ သူကဆက်ပြောပါတယ်။ 

“သူ့ရဲ့ ဆန်ဆိုင်အနီးမှာ လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအစောင့်အကြပ်ရှိတယ်၊ သူ့မိသားစုကို တမြို့နယ်လုံးက ရှင်းစေချင်တာ၊ ပြည်သူနစ်နာအောင်လုပ်ထားတဲ့ အတိုင်းအတာတွေရှိတယ်၊‌” လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားခေါင်းဆောင် ဗိုလ်သတ္တိက ပြောပါတယ်။ 

ဒေါ်ဟန်ဆုယဥ်ပစ်ခတ်ခံရပြီးနောက် စလင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။  

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကလည်း မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #စလင်း #ပစ်သတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10