စလင်းမှာ ၃ ရက်ဆက် လေကြောင်းသုံးတိုက်ခိုက်လို့ သံဃာ ၁ ပါးအပါ ၄ ဦးသေဆုံး

စလင်းမှာ ၃ ရက်ဆက် လေကြောင်းသုံးတိုက်ခိုက်လို့ သံဃာ ၁ ပါးအပါ ၄ ဦးသေဆုံး

မကွေးတိုင်း၊ စလင်းမြို့နယ် အနောက်မြောက်ဘက်ကကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ၃ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ ပါးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီခွဲမှာ ငလှိုင်တွင်းနဲ့ ကူရင်းချောက်ရွာကို လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ငလှိုင်တွင်းရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲလို့ သံဃာ ၁ ပါးနဲ့ ဒေသခံ ၃ ဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မသိရှိရသေးပါဘူး။ 

“စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ပစ်တာ၊ ကိုရင်ကြီး ၁ ပါးအပါအဝင် ပြည်သူ ၃ယောက်၊ စုစုပေါင်း ၄ ယောက်သေတယ်။”လို့ စလင်းဒေသခံတဦးက ပြောပါတယ်။ 

ဇူလိုင် ၂၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာလည်း ငလှိုင်တွင်းရွာကို လေကြောင်းကနေ ထပ်မံပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရခဲ့ပြီး အဲ့ဒီနေ့ညနေ ၅ နာရီကျော်မှာ ငလှိုင်တွင်း၊ တညှောင့်တင်၊ ခေါင်းကူး (ခ) ချောင်းတိမ်၊ ဝန်ရ၊ ကန်ကုန်း စတဲ့ရွာတွေကို ထပ်မံပစ်ခတ်ခဲ့ရာ ၅ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။ 

“တော်တော်များများ သူတို့ပစ်တာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေပဲ ပစ်တာများတယ်။ ခေါင်းကူးရွာက ပြည်သူ ၅ ယောက်ထိတယ်။ ဒဏ်ရာ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်တယ်။”လို့ သူက ပြောပါတယ်။

အလားတူ ဇူလိုင် ၂၅ ရက် ဒီကနေ့မနက်မှာလည်း ကျွန်းတဲရွာ စာသင်ကျောင်းကိုပစ်ခတ်ခဲ့ပြီး ဒီပစ်ခတ်မှုတွေအတွင်း ထိခိုက်မှုအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ စလင်းဒေသခံတဦးက ဆက်ပြောပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ကျေးရွာတွေဟာ ပုသိမ်-မုံရွာလမ်း အနောက်ဘက်နဲ့ အရှေ့ဘက်တွေမှာတည်ရှိပြီး စလင်းချောင်းနဘေးက ကျေးရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းနဲ့ ၃ ကြိမ်တိုက်ခိုက်ခံရတဲ့ ငလှိုင်းတွင်းကျေးရွာဟာ ရေနံထွက်ရှိတာကြောင့် စစ်ကောင်စီတပ်သားတွေ စခန်းချတပ်စွဲကာ ခရိုနီတွေနဲ့ပေါင်း စီးပွားရေးလုပ်နေတဲ့ ကျေးရွာတခုဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၈ ရက်ကမှ စခန်းစွန့်ခွာ‌သွားကြတာလို့ ဆိုပါတယ်။ 

စလင်းမြို့နယ်ကို စစ်ကောင်စီက မကြာခဏလေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပြီး လက်ရှိမှာတော့ စလင်းချောင်းဘေးမှာရှိတဲ့ ကျေးရွာအများစုက ဒေသခံတွေဟာ လေကြောင်းရန်ကြောင့် နေရပ်ကနေ ရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်ကောင်စီ စွန့်ပြေးသွားသည့် ငလှ်ိုင်တွင်းရွာမှ စခန်းများကို မေလ ၉ရက်နေ့တွင် ကာကွယ်ရေးတပ်များက မီးရှို့ဖျက်စီးနေစဉ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #စလင်း #စစ်ကောင်စီ #လေကြောင်း #ဒေသခံသေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10