စဥ့်ကိုင်မှာ လှည့်ကင်းထွက်လာတဲ့ စစ်အုပ်စု မိုင်းထိပြီး ၅ ဦးခန့် သေဆုံးနိုင်

စဥ့်ကိုင်မှာ လှည့်ကင်းထွက်လာတဲ့ စစ်အုပ်စု မိုင်းထိပြီး ၅ ဦးခန့် သေဆုံးနိုင်

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ နတ်ရေကန်အုပ်စု၊ ရွှေလှံဗိုလ်(ကန်အောက်)ရွာနဲ့ စိုက်ပျိုးရေးရွာ ကြားရှိ မြလိပ်တောင် ကြာကန်အနီးမှာ လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ပဒေသာမိုင်းထိပြီး ၅ ဦးခန့် သေဆုံးနိုင်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက် မနေ့ကမနက် ၁၀ နာရီလောက်မှာ နတ်ရေကန်ရွာဘက်ကနေ အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီကား ၁ စီးကို ပဒေသာမိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒုဌဝတီတော်လှန်ရေးအင်အားစု ဗိုလ်လင်းယုန်က ပြောပါတယ်။

"ခါတိုင်းဆို သူတို့က ကားလေးတွေနဲ့ လှည့်တာ။ မနေ့ကမှ အင်အားစုပြီး ကားကြီးတစီးနဲ့လာတဲ့အချိန် မိုင်းဆွဲခဲ့တာ။ သေဆုံးတဲ့အထဲမှာ အရာရှိပိုင်း တဦး ပါတယ်လို့တော့ ပြန်သိရပေမယ့် အတည်ပြုနေဆဲပါ။ ထိခိုက်သေဆုံးတာကိုတော့ ဒေသခံတွေဆီက ပြန်သိရတာပါ။ သူတို့လည်း ဝတ္တရားကျေ ကင်းလှည်တဲ့သဘော ဖြစ်မယ်" လို့ ပြောပါတယ်။

မိုင်းဆွဲခံရလို့ စစ်ကောင်စီဘက်က ၅ ဦးခန့် သေဆုံးပြီး ၇ ဦး ဒဏ်ရာရကာ ကားပါပျက်စီးသွားတယ်လို့ ပြောပေမယ့် ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

မိုင်းဆွဲခံရပြီးနောက် နာရီဝက်လောက်အကြာမှာ စစ်ကောင်စီဘက်က စစ်ကူရောက်လာပြီး ပတ်ဝန်းကျင်ကို ပစ်ခတ်မှု အနည်းငယ်လုပ်ပြီး ဒဏ်ရာရသူတွေကို ပြန်သယ်သွားကြတယ်လို့လည်း ဆိုပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ဒုဌဝတီတော်လှန်ရေး အင်အားစု၊ ကျောက်ဆည် နဂါးနီပြည်သူ့ကာကွယ်ရေးတပ်၊ မတ္တရာ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်၊ အမရ စစ်သည်တော်ကာကွယ်ရေးတပ်၊ City Hunter ပြည်သူ့ကာကွယ်ရေးတပ်၊ မတ္တရာ နဂါးနီပြည်သူ့ကာကွယ်ရေးတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်ကလည်း အုန်းချောကျေးရွာအနီးက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10