စဥ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာကို စစ်တပ်က ရေကြောင်းကနေ စစ်ကြောင်းထိုး

စဥ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာကို စစ်တပ်က ရေကြောင်းကနေ စစ်ကြောင်းထိုး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာကို ရွာသာယာကျေးရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရေကြောင်းကနေ ဝင်ရောက်ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက် ၅ နာရီလောက်က ဟင်္သာမကျေးရွာရဲ့ မြောက်ဘက် ၂ မိုင်ခန့်အကွာ ရွာသာယာကျေးရွာက ပျူစောထီးနဲ့ စစ်သားတချို့ပါတဲ့ သံခွန်သင်္ဘောဟာ ဟင်္သာမကျေးရွာအနီးကို ရုတ်တရက် ဝင်ရောက်ပစ်ခတ်ခဲ့တာတာကြောင့် ဟင်္သာမကျေးရွာ၊ မြစ်ကမ်းကြီးရွာ၊ ကြက်တူရွေးရွာ၊ စဥ့်အိုးကျွန်းရွာက ဒေသခံတွေ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။ 

"ရွာရဲ့အနောက်ဘက် ကိုင်းတောကနေ ရွာထဲကို လက်နက်တွေနဲ့လှမ်းပစ်တာ။ ရွာထဲ အထိအခိုက်တော့ မသိသေးဘူး။ မန္တလေးဘက်ကဆန်လာတဲ့ သင်္ဘောနဲ့ ရွာသာယာကပျူသင်္ဘောက ရွာကို ညှပ်တိုက်တာ" လို့ ဒေသခံတဦးက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်မနေ့က မန္တလေးမြို့ဘက်ကနေ သံခွန်သင်္ဘောတစီးနဲ့ ရှပ်ပြေးမော်တော်ယာဥ်တစီး ဆန်တက်လာကာ ဒီနေ့မနက် ၇ နာရီလောက်မှာ ဟင်္သာမကျေးရွာအနီးကို ရောက်လာပြီး ကျေးရွာထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

"ရွာကို ဝင်စီးတဲ့သဘောပဲ။ အခုက မီးရှို့ရင်ပါစရာပစ္စည်းက စိုက်ကြပျိုးကြဖို့ဝယ်ထားတဲ့ ပဲတွေပဲရှိတာ။ ဒါပဲ စိတ်ပူရတာ။ ကျန်တာတော့ကုန်ပြီ" လို့ ဒေသခံတဦးက ပြောပါတယ်။ 

စစ်တပ်ကဝင်ရောက်စီးနင်းချိန် မနက် ၅ နာရီကနေ ဒီနေ့မနက် ၈ နာရီအထိ ဖုန်းလိုင်းတွေ ပျက်တောက်နေဆဲဖြစ်ပြီး ကျေးရွာအတွင်းက ပစ်ခတ်သံတွေလည်း ကြားနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 

ဟင်္သာမကျေးရွာကို စစ်တပ်က မကြာခဏဝင်ရောက်မွှေနှောက်လေ့ရှိပြီး ပြီးခဲ့တဲ့ မေ ၂၄ ရက်ကနေ မေလ ၃၀ ရက်အထိ ၇ ရက်ကြာအောင် ရွာလုံးကျွတ်မီးရှို့ခဲ့ပါသေးတယ်။

ဟင်္သာမအုပ်စုထဲ စဥ့်အိုးကျွန်းကျေးရွာကိုလည်း အောက်တိုဘာ ၂ ရက်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

ပုံစာ - အောက်တိုဘာ ၂ ရက်က စဥ့်အိုးကျွန်းရွာကို ပျူစောထီးတွေ ဝင်ရောက်မီးရှို့ခဲ့သည့်မြင်ကွင်း။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဥ့်ကူးမြို့နယ် #ဟင်္သာမကျေးရွာ #ရွာသာယာကျေးရွာ #ပျူစောထီး #မီးရှို့ #ရေကြောင်း #သံခွန် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10