စဥ့်ကူးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသမီးတဦးသေဆုံးကာ တဦးဒဏ်ရာရ

စဥ့်ကူးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသမီးတဦးသေဆုံးကာ တဦးဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတဦးသေဆုံးကာ တဦးဒဏ်ရာရခဲ့တယ်လို့သိရပြီး ထပ်တိုးဒဏ်ရာရသူတွေလည်းရှိနိုင်တယ်လို့ စဥ့်ကူးမြို့နယ်တော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။

ဇူလိုင် ၃ ရက် ဒီနေ့မနက် ၁၁ နာရီကျော်လောက်မှာ စစ်တပ်က ကျေးရွာအတွင်းကို လေကြောင်းတိုက် ခိုက်မှုပြုလုပ်ခဲ့တာကြောင့် လက်ပန်လှကျေးရွာ ရဲစခန်းအနောက်ဘက်ရှိ လူနေအိမ်ပေါ် ဗုံးကျပြီး အမျိုး သမီးတဦး သေဆုံးကာ တဦးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

"သားအမိနှစ်ဦးဖြစ်ပုံရတယ်ဗျ။ အသက်ကြီးအမျိုးသမီးကတော့ သေဆုံးသွားပါပြီ။ တယောက်ကိုတော့ ဆေးကုသပေးနေပါတယ်" လို့ ဒေသခံရဲဘော်တဦးက ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီက နောက်ထပ်လည်း ရဟတ်ယာဥ်တွေနဲ့ ဆက်တိုက်လာ ရောက်တိုက်ခိုက်နေပြီး ထပ်တိုး ထိခိုက်ဒဏ်ရာရမှုတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ပန်လှကျေးရွာရဲ့ မြောက်ဘက် တမိုင်နီးပါးဝေးတဲ့ ပင်လယ်ကြီးဂိတ်စခန်းတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက ပြည်သူတွေရှိတဲ့ကျေးရွာထဲကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ သိရပါတယ်။

"လက်ပန်လှရဲစခန်းမှာ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ ရဲစခန်းကလည်း အကုန်ထွက်ပြေးသွားပြီ။ ဘယ်သူမှမရှိတော့ဘူးလို့ ပြောတယ်။ တိုက်ပွဲက ရွာမြောက်ဘက်ဖြစ်တာ။ လေကြောင်းက ရွာထဲပဲ ပစ်နေတာ" လို့ လက်ပန်လှကျေးရွာဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ ၎င်းတို့နေအိမ်လည်း ခေါင်မိုးပျက်စီးသွားပြီး လူတွေတော့ မထိခိုက်ဘူးလို့ အဲ့ဒီအမျိုးသမီးက ပြောပါတယ်။

လက်ရှိမှာ မန္တလေး-မိုးကုတ်ကားလမ်းကိုပိတ်ထားသလို ရွာအပြင်မှာလည်း တိုက်ပွဲဖြစ်နေတာကြောင့် လက်ပန်လှကျေး ရွာက ပြည်သူတွေလည်း ကျေးရွာထဲ ပိတ်မိနေဆဲဖြစ်တယ်လို့သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စဥ့်ကူးမြို့နယ် #လက်ပန်လှကျေးရွာ #စစ်တပ် #လေကြောင်းတိုက်ခိုက်မှု #အရပ်သားသေဆုံးမှု #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10