စာသင်ကျောင်းမှန်းသိရဲ့ မီးရှို့ခဲ့လို့ ကျောင်းသား ၆၀၀ကျော် ပညာသင်ခွင့်ရပ်သွား

စာသင်ကျောင်းမှန်းသိရဲ့ မီးရှို့ခဲ့လို့ ကျောင်းသား ၆၀၀ကျော် ပညာသင်ခွင့်ရပ်သွား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာက NUG ကြားကာလစာသင်ကျောင်းတခုကို မီးရှို့ဖျက်စီးခဲ့လို့ အဲ့ဒီကျောင်းမှာတက်ရောက်နေတဲ့ ကလေး ၆၀၀ ကျော် စာသင်ခွင့်ရပ်ထားရပြီး စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
 
ဖေဖော်ဝါရီလ ၁၆ ရက်ညနေ ၄ နာရီခွဲက စာသင်ကျောင်းဆောင် ၂ ဆောင်၊ ဆရာနားနေဆောင် ၁ ဆောင်နဲ့ နေအိမ် ၈ လုံး မီးလောင်ခဲ့ပြီး စာသင်ကျောင်းမှန်းသိလို့ ရွေးရှို့သွားတာဖြစ်တယ်လို့ ပုလဲ ပအဖတာဝန်ခံက ပြောပါတယ်။
“အဓိကကတော့ စာသင်ကျောင်းမှန်းသိလို့ ရှို့တာဗျ၊ ဘာလို့ဆို ဒီဟာကကလေးတွေအတွက် လုံခြုံရေးလည်း စိတ်ချရအောင်လို့ဆိုပြီး ရွာ့ရဲ့အတွင်းပိုင်း ချောင်ကျတဲ့နေရာမှာ ထန်းလက်မိုး အဆောက်ဦးဆောက်ထားတာ၊ ရည်ရွယ်ချက်မရှိဘူးဆိုရင် နီးစပ်ရာအိမ်တွေရောရှို့သွားမှာကို ဘေးအိမ်တွေလည်းလုံးဝ ရှို့မသွားဘဲနဲ့ ဒီစာသင်ကျောင်းကိုပဲ သီးသန့်ရှို့သွားတာ။” လို့ ပြောပါတယ်။
 
မီးရှို့ခံရလို့ စာသင်ကျောင်းမှာရှိတဲ့ သင်ထောက်ကူပစ္စည်းတွေ၊ စာသင်ခုံတွေနဲ့ကလေးတွေ သောက်သုံးဖို့လုပ်ပေးထားတဲ့ ရေကန်တွေကမှအစ မီးရှို့ခံခဲ့ရပြီး ရေပိုက်လိုင်းတွေကိုလည်း ဖျက်စီးသွားလို့ အစကနေ ပြန်လည်ထူထောင်ရမယ့် အခြေနေဖြစ်တယ်လို့ ဆိုပါတယ်။
 
အဲဒီစာသင်ကျောင်းဟာ အလယ်တန်းအဆင့်ထိဖွင့်လှစ်သင်ကြားနေပြီး ရွာပေါင်းစုံက ကလေးတွေလာတက်တဲ့အတွက် ၆၀၀ ကျော်ရှိကာ၊ အခုကတော့ အားလုံးစစ်ရှောင်နေရပြီး စစ်ကြောင်းကလည်း ပုလဲနယ်ထဲမှာပဲ ရှိနေသေးတဲ့အတွက် ပညာရေးနဲ့ပတ်သက်ပြီး ထူထောင်မှုတွေ မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။
 
“မိဘတွေကတော့ သူတို့သားသမီးထားတဲ့ကျောင်းကို ဖျက်စီးသွားတာဆိုတော့ ပိုပြီးရင်နာတာပေါ့၊ ပညာတက်စေချင်လွန်းလို့ ထားတဲ့ကျောင်းတောင်မှ လာပြီးမီးရှို့သွားတာဆိုတော့ မိဘတွေရော ကလေးတွေရောက တော်တော်လေးကို မုန်းတီးသွားတာပေါ့၊ ခုလို ပညာရေးကိစ္စတွေရော ကျန်းမာရေးကိစ္စတွေရော အကျိုးရှိမယ့်ဟာလုပ်နေတဲ့ အဆောက်ဦးတွေကို မီးရှို့ဖျက်စီးတယ်ဆိုတဲ့လုပ်ရက်ဟာ မိုက်ရိုင်းတာထပ်ကို ကျော်လွန်သွားပြီ။”လို့ သူကဆက်ပြောပါတယ်။
 
မြို့နယ်ပညာရေးဘုတ်အဖွဲ့ကတော့ NUGရဲ့ ပညာရေးဝန်ကြီးဌာနကို အစီရင်ခံစာတင်ဖို့ လုပ်ဆောင်နေပြီး ဘက်ဂျက်ချပေးရင်တော့ ပြန်လည်ထူထောင်ဖို့လွယ်ကူပြီး၊ မရခဲ့ရင်လည်း ကလေးတွေ ပညာရေးဖြစ်တဲ့အတွက် ရတဲ့နည်းနဲ့လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့ကလည်း နွယ်အင်းရွာက ကျေးလက်ဆေးပေးခန်းကို မီးရှို့ဖျက်စီးခဲ့လို့ ပြာကျခဲ့ပြီး၊ အခုလက်ရှိ အဆိုပါစစ်ကြောင်းဟာ ဇီးဖြူကုန်းရွာဘက်မှာရောက်နေကာ ယင်းမာပင်ဘက်ကို ဦးတည်ဖို့လုပ်နေတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10