စာသင်ကျောင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ထွက်ပြေးသွားလို့ ကျည်ဆန်တချို့ သိမ်းဆည်းရရှိ

စာသင်ကျောင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ထွက်ပြေးသွားလို့ ကျည်ဆန်တချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီ အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ပြီး စခန်းသိမ်းနိုင်ခဲ့တယ်လို့ တောင်ငူခရိုင် ၃၅၀၁ တပ်ရင်းထံက သိရပါတယ်။

မေ ၁၉ ရက် မနက် ၂ နာရီခွဲခန့်မှာ အင်အား ၄၀ ခန့်ရှိနေတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာစာသင်ကျောင်းနေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့ဘက်က ထွက်ပြေးသွားတဲ့အတွက် စခန်းသိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

"တိုက်ပွဲဖြစ်ပြီးတော့ သူတို့ဘက်က ဆုတ်ပြေးသွားတော့ ပစ်ခတ်မှုငြိမ်သွားတယ်။ ကျနော်တို့ဘက်ကလည်း အခြေအနေကို နာရီဝက်ကျော်ကျော်လောက်စောင့်ကြည့်ပြီးမှ သူတို့စခန်းထဲဝင်ခဲ့တာ။ စကစအလောင်းတွေ တော့ မတွေ့ရဘူး" လို့  တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက် ထိခိုက်သူတွေရှိနိုင်ပြီး ဖမ်းဆီးရမိတာမရှိတာကြောင့် ထိခိုက်သူ အရေအတွက်ကို မသိရဘူးလို့ ဆိုပါတယ်။

စခန်းကိုသိမ်းပိုက်စဥ် စစ်ကောင်စီတပ်သားတွေအသုံးပြုတဲ့ ၆၀ မမ ဗုံးသီး ၁၀ လုံး၊ ကျည်ဆန်အချို့နဲ့ ကျည်ဘောက်၊ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နေ့လယ် ၁၂ နာရီခန့်မှာ စခန်းကနေ ထွက်ပြေးသွားတဲ့စစ်ကောင်စီအဖွဲ့တွေဟာ အင်အားထပ်ဖြည့် လာပြီး စုစုပေါင်းအင်အား ၁၀၀ ခန့်နဲ့ ဝက်ခေါက်စိန်ကျေးရွာနဲ့ မြောက်သဲကုန်းကျေးရွာကို ပြန်ဝင်လာပြီး တပ်ပြန်စွဲထားပါတယ်။

မတ် ၃၀ ရက်က တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်အုပ်စု၊ တဲကြီးကျေးရွာကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၅၀၁ တပ်ရင်း စစ်ကြောင်းကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #တောင်ငူမြို့ #ဝက်ခေါက်စိန်ကျေးရွာ #စာသင်ကျောင်း #စစ်ကောင်စီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10