စာသင်ကျောင်းမှာတပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး

စာသင်ကျောင်းမှာတပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတောကျေးရွာ စာသင်ကျောင်းထဲမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ ဇန်နဝါရီလ ၂၀ ရက်မနေ့မနက် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခံရတာကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

အင်အား ၃၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ စုဝေးထိုင်နေကြချိန် Pauk Revolution Front - PRF အဖွဲ့က ဒရုန်းနဲ့ဗုံးသီး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ PRF မှ သတင်းပြန်ကြားရေးတာဝန်ခံ PK က ပြောပါတယ်။

"စကစတယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီး သေတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ရသွားလို့ ပေါက်ဆေးရုံကို ပို့လိုက်ရတယ်။ ဒီသေဆုံးတာနဲ့ ဒဏ်ရာရတာကို ကျနော်တို့ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းက သိရတာ" လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတွေဟာ စာသင်ကျောင်းထဲမှာ တပ်စွဲနေတာ ကြာမြင့်နေပြီဖြစ်သလို မနေ့ကဒရုန်းနဲ့ တိုက်ခိုက်ချိန်မှာတော့ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့တာ မရှိခဲ့ဘူးလို့ PKက ဆက်ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီတပ်တွေဟာ လက်ရှိအချိန်ထိလည်း အုန်းတောရွာ စာသင်ကျောင်းထဲမှာ တပ်စွဲထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်မှာလည်း ကိုင်းလယ်ရဲစခန်းနဲ့ တပ်ကုန်းရွာသစ်(ပျူ)ရွာတို့ကြားက ကားလမ်းမပေါ်မှာ ချထားတဲ့ စစ်ဆေးရေးဂိတ်ကို Pauk Revolution Front (PRF) က One Shot One Kill Mission ဒုတိယအကြိမ်အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10