စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စု ဒရုန်းနဲ့တိုက်ခိုက်မှု နှစ်ဖက်ထိခိုက်မှုရှိ (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ အ.ထ.ကနဲ့ သုံးထောင့်ကျေးရွာ အ.ထ.က ကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေကို ဒရုန်းနဲ့တိုက်ခိုက်တဲ့ဖြစ်စဥ်မှာ နှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့ Myingyan District Drone Strike အဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီခန့်မှာ ပြင်စည် စာသင်ကျောင်းဝင်းအတွင်း အင်အား ၄၀ လောက်နဲ့ တပ်စွဲနေတဲ့စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီ ၄၅ မိနစ်ခန့်မှာတော့ သုံးထောင့်ကျေးရွာ အထက ထဲမှာ အင်အား ၃၀ ခန့်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့တာလို့ Myingyan District Drone Strike တာဝန်ရှိသူက ပြောပါတယ်။

ပြင်စည် အထက ကျောင်းဝင်းက စစ်သားတွေကို တိုက်ခိုက်ချိန်မှာ ဘန်ကာအနီးကို ဗုံးသီးတလုံးကျပြီး စစ်ကောင်စီတပ်သား ၂ ဦးဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒီကျောင်းကို တိုက်ခိုက်ဖို့ ဒရုန်း ၂ စီးမှာ ဗုံးသီး ၂ လုံးသယ်ဆောင်သွားပေမယ့် ၁ လုံးသာ ကြဲချနိုင်ခဲ့ပြီး ၁ လုံးကတော့ ဒရုန်းနဲ့ပြန်ပါလာကာ ကာကွယ်ရေးတပ်သားတွေအနီးရောက်မှ ကျပြီး ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် PDF ရဲဘော် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိခဲ့ပါဘူး။ 

အလားတူ သုံးထောင့်ကျေးရွာ အထက ကျောင်းက စစ်ကောင်စီအဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ချိန်မှာလည်း စစ်ကောင်စီဘက်က ၅ ဦးဒဏ်ရာရခဲ့ပြီး ကျောင်းဝင်းအတွင်း စွန်လွှတ်နေတဲ့ ကလေးငယ် ၂ ဦးလည်း မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ပြင်စည်ကျေးရွာ၊ အ.ထ.က စာသင်ကျောင်းဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်ကောင်စီတပ်က လာရောက်တပ်စွဲနေထိုင်နေတာဖြစ်ပြီး ကျောင်းဖွင့်လှစ်တာလည်းမရှိဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကို Myingyan District Drone Strike၊ မြင်းခြံခရိုင် တပ်ရင်း ၈၊ နွားထိုးကြီး PDF အပါအဝင် ပူးပေါင်းအဖွဲ့ ၇ ဖွဲ့လောက်က စုပေါင်းတိုက်ခိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၄ ရက်ကလည်း  နွားထိုးကြီးမြို့နယ်၊ ဖောင်ကျင်းတောင်ကျေးရွာနဲ့ ဆူးဖြူကုန်း ကျေးရွာအနီးမှာ ကျေးရွာတွေကိုဝင်မွှေတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ကြိမ်တိုက်ခိုက်ခံရပြီး  ၅ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာသွားတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#နွားထိုးကြီး #ပြင်စည်ကျေးရွာ အ.ထ.က #စစ်အုပ်စုတပ်စွဲ #တိုက်ခိုက်ခံရ #ဒရုန်း #နှစ်ဖက်ထိခိုက် #စစ်ကောင်စီ #PDF #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10