သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ တောင်သာမြို့ရှိ အထက ၁ ကျောင်းဝင်းထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၃ တပ်ရင်းမှူးဆီက သိရပါတယ်။
အင်အား ၂၀ ကျော်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၃ ရက်နေ့လယ် ၁၂ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ချိန် ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေ ထိခိုက်မှုမရှိအောင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က ကနဦးဝင်ရောက်ထိန်းသိမ်းပြီးမှ ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။
" **နေတဲ့အဆောင်က ရှေ့အဝင်ပေါက်။ ကလေးတွေနေတာက အတွင်းဘက်မှာ။ အဲ့ဘက်အဆောင်တွေကို ရဲဘော်နှစ်ယောက်ကိုလွှတ်ပြီးတော့ တားခိုင်းထားတယ်။ ဘယ်မှမထွက်ဖို့ဆိုပြီး တားထားတယ်။ ပြီးမှ ကျနော်တို့အဖွဲ့တွေကကျောင်းမြောက်ဘက်ကနေ ခြံစည်းရိုးကျော်ဝင်ပြီး သူတို့နေတဲ့ အဆောင်ကို အာပီဂျီနဲ့ထုပြီးလက်နက်ငယ်တွေနဲ့ပစ်တာ" လို့ မြင်းခြံခရိုင်တပ်ရင်း ၃ တပ်ရင်းမှူး ဆရာကျောင်းက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေတဲ့ ၁ ထပ်အုတ်အဆောင်ကို အာပီဂျီနဲ့ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ တပ်သားတွေဘက်က ပြန်လည်ပစ်ခတ်တာမရှိဘဲ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေတဲ့အဆောင်အထိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဝင်ရောက် စစ်ဆေးခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄ လောင်းကိုတွေ့ရပြီး လက်နက်အချို့လည်း ပျက်စီးနေကာ အဲ့ဒီအထဲက MA 3 ၁ လက်ကို သိမ်းယူခဲ့တယ်လို့ ဆရာကျောင်းက ဆက်ပြောပါတယ်။
"ကလေးတွေဝင်ကြည့်တော့ အနောက်မြောက်ဘက်ထောင့်မှာ တယောက် သွေးတွေနဲ့လဲနေကြတယ်။ သေနတ်တွေတောင်မကောင်းတော့လို့ ကောင်းတဲ့တလက်တောင် အနာနည်းနည်းပါတယ်" လို့သူကဆက်ပြောပါတယ်။
အထက ၁ ကျောင်းဝင်းဟာ ၃ ဧကခန့်ကျယ်ဝန်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေထိုင်တဲ့နေရာဟာ ကျောင်းအရှေ့ဘက်ရှိ ခြံစည်းရိုးအနားကပ်လျက်မှာရှိတာလို့လည်း မြင်းခြံခရိုင်တပ်ရင်း ၃ တပ်ရင်းမှူးဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေတဲ့အဆောက်အဦးနဲ့ အနီးဆုံးစာသင်ဆောင်က ကိုက် ၁၀၀ ခန့် ဝေးကွာတယ်လို့သိရပြီး ကျောင်းဝင်းအတွင်း ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။
ကျောင်းဝင်းအတွင်းရှိ စစ်ကောင်စီအလံကိုဖြုတ်ချပြီး မြင်းခြံခရိုင်တပ်ရင်း ၃ အလံကို လွှင့်ထူကာ အလေးပြုခဲ့ပြီးနောက် ကျောင်းဝင်းအတွင်းကနေ ပြန်ထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ဆိုင်ကယ်တွေနဲ့ မြို့ကိုပတ်ပြီး တောင်သာမြို့တော်ခန်းမ ရဲကင်းနေရာ၊ အင်း၀ဘဏ် ရဲအစောင့်ဂိတ်နဲ့ ပျူစောထီးမိုးဝင်းရဲ့ဆိုင်ကယ်ပြင်ဆိုင်တို့ကိုလည်း ပစ်ခတ်ခဲ့ရာ အဲ့ဒီနေရာတွေက ထိခိုက်မှုအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ မြင်းခြံခရိုင်တပ်ရင်း ၃ တပ်ရင်းမှူးက ပြောပါတယ်။
မွန်းလွဲ ၁ နာရီကျော်လောက်မှာတော့ စစ်ကောင်စီက မြို့အဝင်အထွက်တွေကို ပိတ်လိုက်ပြီးနောက် မလှိုင်မြို့နယ်ဘက်ကနေ စစ်အင်အားထပ်မံဖြည့်တင်းတာတွေပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၂ ရက်မနက်ပိုင်းကလည်း မြင်းခြံမြို့နယ်၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မြင်းခြံပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်ရာ ၂၀ ကျော်သေဆုံးပြီး လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တာ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #တောင်သာ #စစ်ကောင်စီ #တိုက်ခိုက်ခံရ #သေဆုံး
Share Share Share