စားစရာမရှိလို့ ရွာထဲဝင်ပြီး စားစရာသွားယူတဲ့ ၁၀ကျော်သက် မောင်နှမ ၂ ဦး ဖမ်းဆီးခံထားရ

စားစရာမရှိလို့ ရွာထဲဝင်ပြီး စားစရာသွားယူတဲ့ ၁၀ကျော်သက် မောင်နှမ ၂ ဦး ဖမ်းဆီးခံထားရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ဘေးတိမ်းရှောင်းနေရင်း စားစရာပြတ်လပ်သွားလို့  ကျေးရွာထဲဝင်ကာ စားစရာသွားယူတဲ့ ၁၀ ကျော်သက်အရွယ် မောင်နှမ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင် ၁ရက် မနက် ၇ နာရီမှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

 

အဖမ်းခံထားရတဲ့ မောင်နှမ ၂ ဦးဟာ ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာကဖြစ်ပြီး အစ်ကိုဖြစ်သူဟာ အသက် ၁၇ အရွယ်ဖြစ်ပြီး ညီမဖြစ်သူဟာ အသက် ၁၅ နှစ်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကို ဆေးဝါးထုတ်လုပ်ရေးနှင့် မြင်းမွေးမြူရေးတပ်(BPIတပ်)ထဲကို စစ်ကောင်စီတွေက ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ကလေးတွေဖြစ်တဲ့အတွက် မဖမ်းလောက်ဘူးဆိုတဲ့အတွေးနဲ့ လူကြီးတွေက ရွာထဲကအိမ်မှာ စားစရာပြန်ယူခိုင်းလိုက်ရာက အခုလို အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

 

"ရွာထဲက အိမ်ကိုပြန်ပြီးတော့ ဆန်နဲ့ဆီ ပြန်ယူတာမှာ BPI က တပ်နဲ့တွေ့သွားလို့ မောင်နှမနှစ်ယောက်လုံး အဖမ်းခံရတာ"လို့ ကလေးတွေ အဖမ်းခံလိုက်ရတာကို ကိုယ်တိုင်မြင်တွေလိုက်ရတဲ့ မျက်မြင်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

 

အဲဒီ မောင်နှမ ၂ ဦးကို BPI တပ်ထဲ ဖမ်းခေါ်သွားပြီးနောက် ဇူလိုင် ၄ ရက် ဒီနေ့အထိ အဆက်အသွယ်လုံးဝ မရသေးဘူးလို့ သူကဆက်ပြောပါတယ်။

 

ပေါက်တော၊ ဆယ်လံ၊ အိုင်ကြီးစတဲ့ကျေးရွာတွေက ဒေသခံတွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ လ ၁၁ ရက်က မြစ်ခြေမြို့အခြေစိုက် (BPI) ဆေးဝါးထုတ်လုပ်ရေးနှင့် မြင်းမွေးမြူရေးတပ် တိုက်ခိုက်ခံရပြီးနောက် ပုဂံ၊ ညောင်ဦးဘက်ကို ထွက်ပြေးခိုလှုံနေကြရတာဟာ ဇူလိုင်လ ၄ ရက် ဒီနေ့အထိဖြစ်ပါတယ်။

 

အဲ့ဒီလူမနေကြတော့တဲ့ ကျေးရွာတွေထဲမှာ ကျန်ရှိခဲ့ကြတဲ့ပစ္စည်းတွေကို လက်နက်တွေကိုင် ပျူစောထီးအဖွဲ့ဝင် အမျိုးသမီးတွေက ထော်လာဂျီ၊ သုံးဘီးတွေနဲ့ သယ်ယူသွားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့နယ် #ပုဂံ #ပေါက်တော #စစ်ဘေးရှောင်း #BPI #အသက်မပြည့် #မောင်နှမ #ဖမ်းဆီးခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10