စားဝတ်နေရေးခက်ခဲလာတဲ့အတွက် တိုက်ပွဲငြိမ်ချိန် လမ်းပြန်ဖွင့်ပေးဖို့ တမူးပြည်သူတွေ မျှော်လင့်နေ

စားဝတ်နေရေးခက်ခဲလာတဲ့အတွက် တိုက်ပွဲငြိမ်ချိန် လမ်းပြန်ဖွင့်ပေးဖို့ တမူးပြည်သူတွေ မျှော်လင့်နေ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ၂ လကျော်ကြာ လမ်းပိုင်းတချို့ပိတ်ထားခဲ့ပြီးနောက် အချိန်ကြာလာတာနဲ့အမျှ ကုန်စည်ဝယ်ယူမှု ခက်ခဲလာတာ၊ ဝယ်ယူစားရိတ်မြင့်တက်တာနဲ့ စားဝတ်နေရေးခက်ခဲလာတဲ့အတွက် တိုက်ပွဲငြိမ်ချိန်မှာ လမ်းပိုင်းခဏ ပြန်ဖွင့်ပေးဖို့ မျှော်လင့်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲတွေကြောင့် ကလေး-ခမ်းပတ်-တမူး၊ ယာကြီး-ကလေးဝ-တမူး စတဲ့ လမ်းပိုင်းတွေကို ပိတ်ထားခဲ့တာဖြစ်ပြီး ၂ လကျော်ကြာပြီးနောက် ဩဂုတ်လ နောက်ဆုံးပတ်မှာတော့ ကလေး-ခမ်းပတ်လမ်းကို ပြန်ဖွင့်ပေးခဲ့ကာ ခမ်းပတ်-တမူးလမ်းကတော့ ခုချိန်ထိ ဖွင့်မပေးသေးဘူးလို့ ဆိုပါတယ်။

တမူးကို ကုန်းလမ်းကဆိုရင် ဂန့်ဂေါ-ကလေး-တမူးနဲ့ ယာကြီး-ကလေးဝ-တမူးလမ်းပိုင်းက သွားလို့ရပြီး ယာကြီးလမ်းကလည်း လက်ရှိအချိန်ထိ ပိတ်ထားကာ ကလေးဝ-မော်လိုက်-တမူး (ရေကြောင်းလမ်း)က လာလို့ရပေမယ့် လမ်းခရီးစရိတ်ကြီးတဲ့အတွက် အသုံးမပြုကြဘဲ ကလေး - တမူး လမ်းပိုင်းတခုတည်းကိုပဲ အားထားနေရတာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲစဖြစ်ချိန်တုန်းက တမူးနဲ့ ကပ်လျက်ဖြစ်တဲ့ အိန္ဒိယနယ်စပ်ကနေ ကုန်စည်စီးဆင်းမှုတချို့ ရှိပေမယ့် အိန္ဒိယနိုင်ငံတွင်း လူမျိုးရေးပြဿနာတွေဖြစ်ပြီးနောက်မှာတော့ အိန္ဒိယ-တမူး နယ်စပ်လမ်းကို ပိတ်လိုက်တဲ့အတွက် တမူးမြို့ဟာ ထွက်ပေါက်ဝင်ပေါက်မရှိဘဲ ချောင်ပိတ်ခံနေရသလို ဖြစ်သွားတာလည်း ဖြစ်ပါတယ်။

“အခု ကြက်ဥတလုံးကို ၁၂၀၀ ပေးစားနေရတယ်၊ ခရမ်းချဉ်သီးတလုံးကို ၆၀၀၊ အာလူးတလုံးကို ၇၀၀၊ ပိဿာနဲ့ မရောင်းတော့ဘဲနဲ့ အလုံးအရေတွက်နဲ့ ရောင်းနေကြတာ၊ ဓာတ်ဆီ တဂါလံကို ၃၆၀၀၀၊ ခမ်းပတ်တိုက်ပွဲဖြစ်ပြီးနောက်မှာ ဈေးက ၃ ဆ တက်သွားတာ၊ ကြက်ဥတောင် လူတိုင်းမစားနိုင်ဘူး၊ မြို့ခံလူတွေလည်း လမ်းပြန်ပွင့်လာမှာပါဆိုပြီး တောင့်ခံထားကြတာ။”လို့ တမူးဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

အခုလက်ရှိ ကလေးကနေ ခမ်းပတ်ထိ လမ်းဖွင့်ပေးထားပေမယ့် ခမ်းပတ်ကနေ တမူးထိ ဆိုင်ကယ်ကယ်ရီနဲ့ ကုန်ပစ္စည်းသယ်နေရကာ ဆိုင်ကယ်တစီးကို ငှားခ ၁ သိန်း၊ ဆီတပုံးကို ၁ သောင်း၊ ဘီယာတဖာကို ၃ သောင်းလောက် ပေးပြီး သယ်ယူနေရတဲ့အတွက် ‌ဝင်ငွေမရှိဘဲ ဈေးနှုန်းတွေက ကြီးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကလေး-တမူး အာရှလမ်းမကြီးကို စစ်ကောင်စီက ထိုးစစ်ဆင်မယ်လို့ သတင်းတွေကြားနေရကာ တိုက်ပွဲကြီးတွေ မဟုတ်ပေမယ့် တိုက်ပွဲငယ်လေးတွေလည်း မကြာခဏဖြစ်နေတဲ့အတွက် လမ်းပြန်ဖွင့်ပေးဖို့ ခက်ခဲနေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ပြောပါတယ်။ 

“အာရှလမ်းမကြီး တောက်လျှောက်ကတော့ မဖွင့်နိုင်သေးဘူး၊ ကလေးကနေ ဘုက္ကန်ထိ သွားလို့ရတယ်၊ ဒါတောင် ခမ်းပတ်ကို ကွင်း(ရှောင်)ရတယ်၊ ခမ်းပတ်က အဖြတ်မခံဘူး၊ တိုက်ပွဲက အချိန်မရွေးဖြစ်သွားနိုင်တဲ့ အခြေနေမို့လေ၊ စစ်ဆိုင်ထားတဲ့ နေရာတွေချည်းပဲ၊ လမ်းတွေ ပိတ်တာကကျ စစ်ကောင်စီဘက်က ပိတ်တာ။"လို့ တမူးခရိုင် တပ်ရင်း ၄ ရဲဘော်တဦးက ပြောပါတယ်။

တမူးမြို့ဟာ အရင်က ငွေလဲလုပ်ငန်း၊ ကယ်ရီလုပ်ငန်း၊ အိန္ဒိယနိုင်ငံနဲ့ ကုန်စည်ချင်းဖလှယ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်ကာ လည်ပတ်နေကြတာဖြစ်ပြီး လမ်းတွေပိတ်ပြီးနောက်မှာတော့ အကုန်လုံးနီးပါး အလုပ်လက်မဲ့ဖြစ်သွားကြကာ တခြားမြို့ကို ပြောင်းရွှေ့သွားကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #တမူး #လမ်းပိတ် #ဒေသခံ #စားဝတ်နေရးခက်ခဲ #မျှော်လင့် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10