စားအုန်းဆီစျေးကို စစ်တပ်ကထိန်းချုပ်ပြီးနောက် စျေးကွက်အတွင်း ဆီပြတ်လပ်

စားအုန်းဆီစျေးကို စစ်တပ်ကထိန်းချုပ်ပြီးနောက် စျေးကွက်အတွင်း ဆီပြတ်လပ်

စားအုန်းဆီစျေးကို စစ်အုပ်စုက စျေးနှုန်းထိန်းချုပ်တာတွေ လုပ်ပြီးတဲ့နောက်မှာ စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာ စားအုန်းဆီပြတ်လပ်တာတွေ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကုန်စျေးနှုန်းမြင့်တက်နေမှုကို ထိန်းချုပ်ဖို့အတွက် စားအုန်းဆီစျေးနှုန်းကို ၅၀ ကျပ်သားလျှင် ၂၅၀၀ ကျပ်နဲ့ရောင်းချဖို့ စစ်တပ်က အတင်းအကြပ် ဖိအားပေးပြီးတဲ့နောက်မှာ လက်လီရောင်းချတဲ့ ဆိုင်တချို့က ပိတ်ထားပြီး လက်ကားရောင်းချတဲ့ဆိုင်တချို့ကလည်း အိမ်ထောင်စုတစုကို ၅၀ ကျပ်သားပဲ ရောင်းချပေးတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်နဲ့ ဝက်လက်မြို့နယ်တို့မှာ စားအုန်းဆီ ပြတ်လပ်မှုဖြစ်နေပြီး ဝက်လက်မြို့နယ်မှာတော့ဝယ်လို့မရတဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ သိရပါတယ်။

"မြို့ပေါ်အထိ သွားဝယ်တာတောင် ဝယ်မရခဲ့ဘူး။ ဆိုင်တွေက ကုန်နေတယ်ပဲပြောတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

အလားတူရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်တို့မှာလည်း ပြီးခဲ့တဲ့ ၂ ရက်လောက်က စစ်ကောင်စီရဲ့ဖိအားပေးမှုနဲ့ အိမ်ထောင်စုက ၁ စုကို ၅၀ ကျပ်သားစီ တန်းစီစနစ်နဲ့ ဝယ်ခဲ့ရပြီးနောက် ထပ်မံဝယ်ယူလို့မရ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"ရွှေဘိုမြို့ပေါ်မှာ လက်ကားဆိုင်ကြီးတွေကို သေနတ်တွေနဲ့ဝင်မွှေပြီး စျေးလျော့ရောင်းခိုင်းတယ်။ အဲ့ဒီနောက် တအိမ်ထောင်ကို ၅၀ သားတောင် တန်းစီဝယ်ရတာ" လို့ ခင်ဦးမြို့နယ်ဒေသခံတဦးက ပြောပါတယ်။

ကုန်စျေးနှုန်းတက်နေတာကို ထိန်းချုပ်ဖို့အတွက် စစ်အုပ်စုက ဆီလုပ်ငန်းရှင် ၁၅ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။ အဲ့ဒီနောက်ဆက်တွဲအနေနဲ့ လက်ရှိမြို့ကြီးတွေမှာလည်း စားအုန်းဆီကို အကန့်အသတ်နဲ့သာ ရောင်းချနေပြီး လိုသလောက်ဝယ်လို့မရ ဖြစ်နေတယ်လို့ သိရပါတယ်။

ပုံစာ - စားအုန်းဆီ လျော့ဈေးဖြင့်ဝယ်ယူခွင့်ရရန် မိုးရေထဲတန်းစီစောင့်နေကြသည့် ပေါက်ခေါင်းဒေသခံများအား စက်တင်ဘာ ၅ ရက်ကတွေ့ရစဉ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စားသောက်ကုန် #စားအုန်းဆီ #ကုန်ဈေးနှုန်းမြင့်တက် #လက်လီလက်ကား #ဈေးကွက် #ပြတ်လပ် #စစ်ကောင်စီ #စီးပွားရေး #စစ်ကိုင်းတိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10