စိုက်ပျိုးစရိတ်ကြီးမြင့်မှုနဲ့ စစ်ဘေးကြောင့် ယင်းမာပင် ကြက်သွန်တောင်သူများ အရှုံးပေါ်

စိုက်ပျိုးစရိတ်ကြီးမြင့်မှုနဲ့ စစ်ဘေးကြောင့် ယင်းမာပင် ကြက်သွန်တောင်သူများ အရှုံးပေါ်

စိုက်ပျိုးစရိတ်တွေကြီးမြင့်လာမှုနဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတာတွေကြောင့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကြက်သွန်စိုက်ပျိုးကြတဲ့တောင်သူတွေဟာ ကြက်သွန်ပေါ်ချိန်မှာ အရှုံးနဲ့ရင်ဆိုင် နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကြက်သွန်နီတပိဿာကို ကျပ် ၂၀၀၀ လောက်ရမှ အမြတ်ကျန်နိုင်မှာဖြစ်သော်လည်း အခုလက်ရှိမှာ ကြက်သွန်နီ တပိဿာကို ၈၀၀ ကျပ်၊ ၈၅၀ ကျပ်လောက်သာရတာကြောင့် တောင်သူတွေဟာ သိန်းချီကာ ဆုံးရှုံးနေကြရပါ တယ်။

လက်ရှိ ရန်ကုန်ဘုရင့်နောင် ပေါက်ဈေးကတော့ ကြက်သွန်နီ တပိသာကို ၁၃၅၀ ကျပ်မှ ၁၆၀၀ ကျပ်အထိ ဈေးပေါက်နေပါတယ်။

ပုံမှန်ဆိုရင် ကြက်သွန်စိုက်တောင်သူတွေဟာ ကြက်သွန်ကို ဆောင်းရာသီမှာစိုက်ပျိုးကာ တန်ခူးလမှာ နှုတ်ကြပါ တယ်။ အဲဒီအချိန်ဟာ ကြက်သွန်ပေါ်တဲ့အချိန်ဖြစ်လို့ ဈေးကျတတ်တာကြောင့် တောင်သူအများစုက ဈေးကောင်းရတတ်တဲ့ ဝါဆို၊ ဝါခေါင်လအထိ သိုလှောင်ပြီး ရောင်းချလေ့ရှိပါတယ်။

“မီးရှို့ခံရတာတွေ ကြောက်ကြတော့ ဈေးမမျှော်တော့ဘဲ အရင်းလေးရရင်ဆိုပြီး ရောင်းပစ်ရတာ၊ လုံးလုံးဆုံးရှုံး မှာထက်စာရင် ရသလောက်လေးဆိုပြီး လက်လွှတ်လိုက်ရတာပေါ့။ မနှစ်က‌ဆို ကြက်သွန်တွေ စင်လိုက်ထားကြ တယ်။ မီးထဲပါသွားတယ်။ တလုံးမှ ရောင်းမစားလိုက်ရတဲ့အဖြစ်မျိုးထိရှိတယ်။ အဲ့လိုအတွေ့ကြုံတွေရှိခဲ့တော့ ကြာကြာမထားရဲဘူး”လို့ တောင်သူ အမျိုးသမီးတဦးက ပြောပါတယ်။

အာဏာသိမ်းစကာလတုန်းက ပုလဲမြေဆီတအိတ်ကို ကျပ် ၇သောင်း၊ ပိုးသတ်ဆေး တဘူး ကျပ် ၃၀၀၀၊ ဓာတ်ဆီ တဂါလံ ကျပ် ၄၅၀၀၊ အလုပ်သမားငှားခ အမျိုးသား ကျပ် ၆၀၀၀၊ အမျိုးသမီး ကျပ် ၃၀၀၀ရှိပြီး အခုနှစ်မှာတော့ မြေဆီတအိတ် ကျပ် ၁သိန်းခွဲ၊ ပိုးသတ်ဆေးတဘူး ကျပ် ၁၂၀၀၀၊ ဓာတ်ဆီတဂါလံ ကျပ် ၁၂၀၀၀၊ အလုပ်သမားငှားက အမျိုးသား ၈၀၀၀ ကျပ်၊ အမျိုးသမီး ကျပ် ၄၀၀၀ထိ ‌မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

ဒီလို ဓာတ်မြေဩဇာစရိတ်တွေ မြင့်တက်လာလို့ ဝယ်ယူမသုံးနိုင်တဲ့အခါ အရင်က တဧကကို သွန်ကြက်နီ ပိဿာ ၃၀၀၀ နီးပါးရာထွက်ရာမှ အခုကတော့ တဧကကို ပိဿာ ၁၀၀၀ လောက်သာထွက်တော့တယ်လို့လည်း တောင်သူတွေက ပြောပါတယ်။

ကြက်သွန်တရာသီကို မြေအမျိုးစားပေါ်မူတည်ပြီး သဲမြေဆိုရင် ၁၀ကြိမ်၊ နုံးမြေဆိုရင် ၅ကြိမ် မဖြစ်မနေ ရေသွင်းပေးရပေမယ့် ဓာတ်ဆီဈေးတွေက အဆမတန်တက်လာတဲ့အတွက် တရာသီကို ၃ ခါလောက်သာ ရေသွင်းစိုက်ပျိုးနိုင်တာကြောင့် အထွက်နှုန်း ထပ်ဝက်ကျော်ကျကာ အလုံးလည်း မလှတော့တဲ့အတွက် ဈေးအနှိမ်ခံရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မကြာခဏ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ထိုးနေတာကြောင့် အရင်က အလုပ်သမား ၁၀ယောက်နဲ့ လုပ်ရမယ့်နေရာမှာ အမြန်ပြီးလိုတဲ့အတွက် အလုပ်သမား အယောက် ၂၀ လောက်ခေါ်ကာ လုပ်နေရလို့ စိုက်ပျိုးစရိတ်တွေ ပိုကုန်ချတယ်လို့ ဆိုပါတယ်။

“စိုက်ပျိုးရေးကို ပြေးရင်းလွှားရင်းလုပ်နေရတော့ မြေဆီမြေဩဇာတွေမထည့်နိုင်တော့ မှန်းသလောက်မထွက် ဘူး။ မစိုက်လို့ရှိရင်လည်း စားစရာမရှိမှာစိုးလို့။ ရှုံးတယ်၊ မြတ်တယ်မတွက်ဘဲ ကံစွန့်ပြီးလုပ်ကြရတာ”လို့ တောင်သူတဦးက ပြောပါတယ်။

တောင်သူတချို့ကတော့ အရင်က ကိုယ်တိုင်စိုက်ပျိုးပါက တနှစ်ကို ကျပ်သိန်း ၃၀ လောက်ဝင်ငွေရနိုင်တဲ့ လယ်ယာမြေတွေကို အခုအခါ စိုက်ပျိုးစရိတ်အရင်းအနှီးမတတ်နိုင်တော့တဲ့အတွက် ၃ နှစ်ကို ကျပ် ၁၀ သိန်းလောက်နဲ့ လယ်ယာတွေကို နှစ်ချုပ်သဘောမျိုး အငှားချကာ စားသောက်နေရတယ်လို့ ဆိုပါတယ်။

“အာဏာသိမ်းပြီးကတည်းက ကြက်သွန်မစိုက်နိုင်တော့တာ၊ မင်းဆိုးမင်းညစ်ကြားထဲမှာနေရတာဆိုတော့ ကျန်းမာရေးအတွက် ရတဲ့ဈေးလေးနဲ့တင်းတိမ်ပြီး နေရ‌တာပေါ့ရှင်။ အရင်ကတော့ ကိုယ်ကယာပိုင်ဆိုတော့ အလုပ်သမားတွေ ငှားပြီးလုပ်တာ၊ အခုကျ ကိုယ်တိုင်သူများဆီမှာ အလုပ်သမားလိုက်လုပ်နေရတဲ့ ဘဝရောက် သွားတယ်။ တနေ့လုံးလုပ်တာ ညီမ ၂ ယောက် ၈၀၀၀ ရတယ်။ အဲတာလေးနဲ့ပဲ ဒီတော်လှန်ရေးကာလမှာ ဖြစ်သလိုနေနေရတယ်”လို့ လယ်ထဲမှာ နေ့စားလုပ်နေရတဲ့ တောင်သူအမျိုးသမီးတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်သူအများစုဟာ စိုက်ပျိုးစရိတ်တွေ အဆမတန်တက်နေတဲ့အပြင် စစ်ရှောင်ရတာတွေလည်းရှိနေတဲ့အတွက် စိုက်ပျိုးရေးကို တစိုက်မတ်မတ်မလုပ်နိုင်ကြတော့ဘူးလို့ ဆိုပါတယ်။

ပုံစာ - ယင်းမားပင်နယ်အတွင်းက ကြက်သွန်စိုက်တောင်သူများ။

စာတည်း-လင်းဇေ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10