စိုက်ပျိုးစရိတ်ကြီးမြင့်လို့ ယင်းမာပင်က ကြက်သွန်းစိုက်တောင်သူတွေ ဧကလျှော့စိုက်

စိုက်ပျိုးစရိတ်ကြီးမြင့်လို့ ယင်းမာပင်က ကြက်သွန်းစိုက်တောင်သူတွေ ဧကလျှော့စိုက်

 

စိုက်ပျိုးစရိတ်တွေ ကြီးမြင့်လာတာကြောင့် ယင်းမာပင်မြို့နယ်က ကြက်သွန်စိုက်တောင်သူတွေ နှစ်စဉ်စိုက်ဧကထက် လျော့နည်းစိုက်ပျိုးကြတယ်လို့ ဒေသခံကြက်သွန်စိုက်တောင်သူတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း စိုက်ပျိုးရေးဆေး၊ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ စတဲ့သွင်းအားစုတွေရဲ့ ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်လာတာကြောင့် ကြက်သွန်စိုက်တောင်သူတွေ တွက်ခြေမကိုက်တော့တဲ့အတွက် စိုက်ပျိုးဧကနည်းနည်းသာ စိုက်ပျိုးနေကြတာလို့ ဆိုပါတယ်။ 

လုပ်အားခမှာလည်း အရင်နှစ်တွေက လုပ်သား ၁ ယောက်ကို ၁ ရက်အတွက် ကျပ် ၅,၀၀၀ ခန့်ပေးခဲ့ရ သော်လည်း အခုအခါမှာ ကျပ် ၇,၀၀၀ မှ ၁၀,၀၀၀ အထိ ပေးလာရတယ်လို့ ဆိုပါတယ်။ 

“မြေဆီစျေး၊ ဆေးစျေးတွေလည်း ပုံမှန်ထက် ၅ ဆလောက် မြင့်တက်နေတာကြောင့် စိုက်ပျိုးမြေဧကတွေ လျှော့ပြီး အခြားသီးနှံတွေ စိုက်ပျိုးလာကြတယ်။" လို့ ယင်းမာပင်မြို့နယ်က ကြက်သွန်စိုက်တောင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါကြောင့်လည်း နှစ်စဉ်ပုံမှန် ၄ ဧကကျော်စိုက်ပျိုးရာကနေ ဒီနှစ်မှာတော့ ၂ ဧကခွဲသာ စိုက်ပျိုးတော့တယ်လို့ သူက ရှင်းပြပါတယ်။ 

စစ်တပ်အာဏာမသိမ်းခင်အချိန်က ကြက်သွန် ၁ ဧက စိုက်ပျိုးပါက ကုန်ကျစရိတ် ကျပ် ၁၀ သိန်းကျော်ရှိပြီး အခုအခါမှာတော့ ၁ ဧကစိုက်ပျိုးစရိတ်မှာ ကျပ်သိန်း ၅၀ နီးပါးအထိ ကုန်ကျမှုရှိတယ်လို့ ဆိုပါတယ်။

ကြက်သွန်စိုက်ပျိုးစရိတ်ကြီးမြင့်တာကြောင့် ကြက်သွန်သီးနှံအစား ဂျုံ၊ မြေပဲ ၊ကုလားပဲစတဲ့ သီးနှံတွေကို အစားထိုး စိုက်ပျိုးလာတာတွေရှိသလို ဘာမှမစိုက်ပျိုးဘဲ မြေကွက်လပ်အတိုင်း ပစ်ထားတာတွေလည်းရှိ ကြတယ်လို့ ဆိုပါတယ်။ 

" နိုင်ငံရေးမတည်ငြိမ်တော့ ကြက်သွန် ရောင်းချိန်ကျလည်း စျေးကွက်က မငြိမ်လို့ စိုက်ပျိုးမှုလျှော့ချလာကြတယ်" လို့ ကြက်သွန်စိုက် တောင်သူတဦးက ထပ်မံပြောပါတယ်။

ယင်းမာပင်မြို့နယ်အတွင်း နှစ်စဉ် ကြက်သွန်စိုက်ပျိုးမြေဧက ၆,၀၀၀ နီးပါးရှိပြီး အခုနှစ်မှာတော့ ဧက ၄,၀၀၀ ကျော်သာ စိုက်ပျိုးကြတယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။ 

သတင်း - သိုက်ထွန်း၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#စိုက်ပျိုးစရိတ် #ယင်းမာပင် #ကြက်သွန် #တောင်သူ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10